spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း7 EAO Alliance တွင် ဆက်စပ်အဖွဲ့အဖြစ်သာ PNLO ပါဝင်

    7 EAO Alliance တွင် ဆက်စပ်အဖွဲ့အဖြစ်သာ PNLO ပါဝင်

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ပြန်လည်ဖွဲ့စည်းလိုက်သည့် 7 EAO Alliance တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှာ ဆက်စပ်အဖွဲ့အစည်းဖြင့်သာ ပါဝင်သည်ဟု PNLO မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    အပစ်ရပ် ၇ ဖွဲ့၏ မတ်လ ၁၈ ရက်နေ့ အစည်းအဝေးအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

    ယင်းအဖွဲ့အစည်း ပြန်လည်မဖွဲ့စည်းခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တွင် အမာခံ ၅ ဖွဲ့ရှိကြောင်း၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့မှာ ဆက်စပ်အဖွဲ့အစည်းဖြင့်ပါဝင်ကြောင်း၊ ယခုတွင် PNLO လည်း ဆက်စပ်အဖွဲ့ဖြင့်သာ ပါဝင်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    “အခုတစ်ခါ ၇ ဖွဲ့ပြည့်ပြည့်စုံစုံပြန်စုဖွဲ့ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ ပြန်ဦးတည်ဖို့ကြိုးပမ်းတာ ဖြစ်ပါတယ်။ အဲဒီမှာတော့ လောလောဆယ် အခက်အခဲလေး ရှိတာက PNLO ဖြစ်နေတော့ PNLO ကတော့ ဆက်စပ်အဖွဲ့အစည်းပုံစံနဲ့ပဲ ကျန်နေပါတယ်။ တက်တက်ကြွကြွနဲ့ ပါနေတာတော့ အားလုံး ၆ ဖွဲ့ပါနေပါတယ်။ အဲဒါလေးပါပဲ၊ ဘာမှတော့ မပြောင်းပါဘူး” ဟု ၎င်းက ပြောသည်။

    7 EAO Alliance တွင် လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသော PNLO ပါဝင်ခြင်း မရှိဘဲ ထည့်သွင်းဖော်ပြထားကြောင်း PNLO ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က မီဒီယာများတွင် ဖြေကြားထားသည်။

    ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခုအစည်းအဝေးတက်တဲ့ ဆွေးနွေးပွဲတွေ မပါဘူး။ စုဖွဲ့မှု အသစ်မှာလည်း မပါဘူး။ ကျနော်တို့လည်း မပါသေးပါဘူး။ သို့သော် အစည်းအဝေးတက်တဲ့ဟာကတော့ တာဝန်ရှိမှု၊ တာဝန်ခံမှုအရ တက်တာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဗဟိုကော်မတီကပဲ တာဝန်ပေးထားတယ်၊ PPST မှာ အဖွဲ့ဝင်လုပ်ပါ။ PPST ရဲ့ ဦးဆောင်မှုမှာလည်း ကျနော်တို့က အဖွဲ့ဝင်တွေ ဖြစ်တယ်။ PPST ရဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာလည်း ကျနော်တို့က တာဝန်ယူထားတာတွေ ရှိတော့ ဒီအလွဲအပြောင်းလေးမှာ ပုံစံပြောင်းလေးမှာ ကျနော်တို့ မူလတာဝန်ယူထားတဲ့ လူတွေကလည်း ကိုယ့်တာဝန်ရှိမှုအရ ပါဝင်တက်ရောက်ရတာပေါ့ဗျာ” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီနှင့် PNLO ပူပေါင်းမဟာမိတ်တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး – ၂ ခွန်ဝေထူးက ပြောသည်။

    “ရှမ်းပြည်တောင်ပိုင်းမှာဆိုရင်တော့ အဓိက နှစ်ဖက်စစ်ရေး အပြန်အလှန်ဖြစ်ပွားနေတဲ့ မြို့တွေ ဆိုရင်တော့ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်း၊ စတဲ့ ဒီလိုဒေသတွေမှာကတော့ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့အစည်းနဲ့ ကျနော်တို့ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကတော့ နေ့စဉ်နဲ့ အမျှရှိတယ်။ စစ်ကောင်စီဖက်ကတော့ လေကြောင်းနဲ့ ယခင်ကထက် ယခင်အခြေအနေကထက် စာရင်တော့ လေကြောင်းကို ပိုပြီးတော့ အသုံးပြုတိုက်ခိုက်တာတွေ ရှိတယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်။ အများစုကတော့ စစ်ဖြစ်ပွားမှု မရှိတဲ့ နေရာတွေမှာ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက PNLO နှင့် စစ်ကောင်စီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) ပူးပေါင်းတပ်အကြား ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks