Homeသတင်းအနင်းကျေးရွာရဲခစန်းမှ ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသခံများတိမ်းရှောင်နေရ

အနင်းကျေးရွာရဲခစန်းမှ ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသခံများတိမ်းရှောင်နေရ

-

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရဲစခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ရွာခံတို့ တိမ်းရှောင်နေရသည်ဟု အနင်းကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နေ့လည် ၁၁နာရီကျော် အချိန်တွင် ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့ ကျေးရွာအတွင်း ဝင်လာသည်ဟုသတင်းကြားရသဖြင့် ကျေးရွာထဲသို့လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်လာသည်ဟု အနင်းရွာခံ အမျိုးသမီးတစ်ဦး ကပြောသည်။

“ရဲစခန်းကနေလက်နက်ကြီးရော လက်နက်ငယ်ရော ရွာအတွင်းကို ဆက်တိုက်ပစ်ထည့်နေတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာတယ်ဆိုပြီး သတင်းကြားတော့၊ရွာကလူတွေ အကုန် တိမ်းရှောင်ကုန်ပြီးပေါ့ နေအိမ်တစ်လုံးထိသွားတယ်၊ ကရင်တပ်ကနေသူတို့မပစ်ခတ်သေးတော့ အချင်းချင်းတော့မပစ်ခတ်ရသေးဘူး”ဟု ၎င်းကဆိုသည်။

ထို့နောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အနင်းကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း လွပ်လပ်သောမွန်သတင်းအေဂျင်စီမှ အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အနင်းကျေးရွာအနီး ဝဲဝန်းကျေးရွာအပြင် အနီးဝန်းကျင်ရှိ ကရင်ရွာတို့တွင် တပ်စွဲထားခြင်းကြောင့် စစ်ကောင်စီတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားမည်ကို ဒေသခံတို့ စိုးရိမ်နေကြသည်။

အနင်းရွာခံ အမျိုးသမီးက “နီးစပ်ရာတိမ်းရှောင်ရတယ်။အချို့ကပင်လယ်ဘက်၊ ခြံမှာရော တောင်တွေမှာရော တိမ်းရှောင်ရတယ်၊ ကရင်ရွာဘက်က ဝဲဝန်း၊ နှစ်ကရင်ဘက်ကလမ်းတွေမှာ ကရင်လက်နက်ကိုင်တပ်တို့က ရှိနေတာတစ်လကျော်ကြာနေပြီး”ဟု ဆိုသည်။

ယနေ့(မတ်လ ၁၈ ရက်)မွန်းလွဲ ၃ နာရီအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုမရှိသေးသည့်အပြင် ရဲစခန်းမှ ပစ်ခတ်မှု အနည်းငယ်ငြိမ်သက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း အနင်းကျေးရွာနှင့် ထင်းရူးကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts