ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့ကို မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်သည်။
တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူမှုဖြင့် အပြင်းအထန်ခုခံနေသည့်ကြားတွင် တပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
စခန်းများအတွင်းမှ စစ်ကောင်စီတပ်သားအင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ထုတ်ပြန်ထားသည်။
စခန်းတွင် စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သားများတွေ့ရှိရပြီး အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
၎င်းပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ရက္ခိုင်ဒေသတွင် စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် စစ်ကောင်စီက စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများနှင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိနေသည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။
ရက္ခိုင့်တပ်တော် AA သည် လက်ရှိတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းယူထားပြီးဖြစ်သည်။