spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းတရားမဝင်ရော်ဘာတင်ပို့မှုတင်းကြပ်လိုက်သဖြင့် တစ်နိုင်တစ်ပိုင်ရော်ဘာရောင်းဝယ်သူများ ခက်ခဲလာ

    တရားမဝင်ရော်ဘာတင်ပို့မှုတင်းကြပ်လိုက်သဖြင့် တစ်နိုင်တစ်ပိုင်ရော်ဘာရောင်းဝယ်သူများ ခက်ခဲလာ

    -

    မွန်ပြည်နယ်မှထွက်ရှိသည့်ရော်ဘာများကို နယ်စပ်မှတစ်ဆင့် တရားမဝင်တင်သွင်းခွင့် တင်းကြပ်ထားသည့်အပြင် စစ်ကောင်စီမှ ဖမ်းဆီးအရေးယူနေခြင်းကြောင့် တစ်နိုင်တစ်ပိုင်ရော်ဘာရောင်းဝယ်နေသည့် အဝယ်ဒိုင်များ အရောင်းအဝယ်ခက်ခဲလာသည်ဟု သိရသည်။

    မွန်ဒေသထွက် ရော်ဘာများ တစ်နယ်နှင့်တစ်နယ် သယ်ဆောင်ခွင့်ခက်ခဲလာသည့်အတွက် ဈေးကွက်ပျောက်ဆုံးနေသည့်အပြင် ရာဘာဈေးလည်း ကျဆင်းလာသည်ဟု သံဖြူဇရပ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးကဆိုသည်။

    “နယ်စပ် ပိတ်လိုက်တာကလဝက်လောက်ရှိနေပြီးအခုလိုပိတ်လိုက်တော့ ပြည်တွင်းကုမ္ပဏီမှာပဲ ရောင်းရတယ်လေ၊ ဈေးလည်း တော်တော်နှိမ်တယ်၊ ပြည်တွင်းပေါက်ဈေးက ၁၇၀၀ ဆို အဲ့အတိုင်းမပေးဘူး၊ ထိုင်းနိုင်ငံ ပေါက်ဈေးအတိုင်းဆို ၂၀၀၀ လောက်ရမယ် ” ဟု ၎င်းကဆက်ပြောသည်။

    လတ်တလော ရော်ဘာပြားများကို အဝယ်ဒိုင်တို့က ပြည်တွင်း ကုမ္ပဏီများတွင်သာ ရောင်းချနေရခြင်းကြောင့် ပေါက်ဈေးအောက် ၂၀၀ ကျပ်လျော့၍ ရရှိနေကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၄ရက်နေ့က မော်လမြိုင်မြို့တွင် ဘားအံ့သို့တင်ပို့မည့် ရော်ဘာကား ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကြောင့် နယ်စပ်မှ ရော်ဘာကော်မရှင်တို့ လာရောက်ဝယ်ယူခြင်းရပ်နားလိုက်ကြောင်းလည်း သံဖြူဇရပ်မြို့ ရော်ဘာအဝယ်ဒိုင်က ဆက်ပြောသည်။

    “နယ်စပ်ပို့တဲ့ အဝယ်ဒိုင်တွေ ကော်မရှင်တွေကလည်း လာမဝယ်ရဲတော့ဘူးလေ သူတို့တွေ့ရင်လည်း ဖမ်းမှာဆိုတော့ လောလောဆယ်တော့ ဘယ်မှမပို့နိုင်သေးဘူး ဒီမွန်ပြည်နယ်ဘက်မှာရှိတဲ့ တရားဝင်ကုမ္ပဏီတွေကိုပဲ တင်သွင်းရင်တော့ရတယ်"ဟု ဆိုသည်။

    စစ်ကောင်စီမှ ၎င်းတို့နှင့် တရားဝင်ချိတ်ဆက်ထားသည့် တရုတ်ရာဘာကုမ္ပဏီတို့နှင့်သာ အရောင်းအဝယ်ပြုစေလိုခြင်းကြောင့် ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လာသည်ဟု ရော်ဘာလုပ်ငန်းလုပ်ကိုင်သူတို့က သုံးသပ်ကြသည်။

    လက်ရှိတွင် ကမ္ဘာ့ရော်ဘာဈေနှုန်း မြင့်တက်သော်လည်း နယ်စပ်ကုန်သွယ်ရေးကန့်သတ်လိုက်ခြင်းကြောင့် မြန်မာ့ရော်ဘာဈေးနှုန်းသည် အကျဘက်သို့ဖြစ်ပေါ်နေသည်ဟု ရော်ဘာအဝယ်ဒိုင်တို့ထံမှသိရသည်။

    ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့တွင် ရော်ဘာဈေးတစ်ပေါင်လျှင် ပျှမ်းမျှ ၁၇၈၀ မှ ၁၈၀၀ကျပ်အထိ ဈေးရှိခဲ့ပြီး၊ လက်ရှိမတ်လ ဒုတိတယအပတ်အထိ ကာလပေါက်ဈေး ၁၆၀၀ ဝန်းကျင်သာ အရောင်းဝယ်ရှိနေကြောင်း သိရသည်။

    လက်ရှိ ထိုင်း-မြန်မာ မြဝတီနယ်စပ်ဂိတ်တွင် အခြားကုန်ပစ္စည်းများတင်သွင်း ရောင်းဝယ်နေသော်လည်း ရော်ဘာတစ်မျိုးတည်းကိုသာ ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks