ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသတွင် ပွဲလမ်းသဘင်များ မပြုလုပ်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) က အမိန့်ထုတ် တားမြစ်လိုက်သည်။
ကြာအင်းဆိပ်ကြီးဒေသတွင် ဇာတ်ပွဲ၊ ဂီတပွဲ၊ အငြိမ့်ကို မတ်လ ၁၀ ရက်နေ့မှကပြီး ပိတ်ပင်သွားမည်ဖြစ်ပြီး ရဟန်းခံ၊ မင်္ဂလာပွဲ၊ ကင်းပွန်းတပ်၊ ရိုးရာနတ်ပွဲ၊ ဂုဏ်ပြုပွဲများကိုလည်း နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုသွားမည်ဖြစ်သလို ဆောင်းဘောက်စ်၊ အသံချဲ့စက်များကိုလည်း ည ၈ နာရီနောက်ပိုင်း မဖွင့်ဖို့ကိုလည်း NMSP(AD) က မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။
ရန်သူ့ရန်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပွဲလမ်းသဘင်များ မကျင်းပရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက ပြောသည်။
“အဓိကကတော့ ရန်သူ့ရန်ကို ကြိုတင်ကာကွယ်သွားဖို့ ပွဲလမ်းသဘင်တွေကို ပိတ်ပင်လိုက်တာပါ။ ဘာလို့လဲဆိုတော့ ဒီကြာအင်းဆိပ်ကြီးဒေသမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတာရှိတယ်။ ပွဲလမ်းသဘင်မှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှိမလားဆိုပြီး တိုက်ခိုက်လာနိုင်တယ်။ အဲလိုတိုက်ခိုက်မှုမျိုး
တခြားဒေသမှာ ဖြစ်ပွားသွားခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တယ်။ အဲဒီလို မဖြစ်ပွားအောင် လူစုလူဝေးမရှိစေဖို့အတွက် ပွဲလမ်းသဘင်ကျင်းပတာတွေကို ကျနော်တို့ ပိတ်ပင်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။
NMSP(AD) ကတော့ ယခုလို တားမြစ်လိုက်ခြင်းသည် ပြည်သူတို့၏ အခွင့်အရေးကို ပိတ်ပင်လိုက်ခြင်းမဟုတ်ပဲ ပြည်သူကို ကြိုတင်ကာကွယ်လိုခြင်းသာဖြစ်သည့်အတွက် နားလည်စေလိုကြောင်း ဆိုသည်။
နိုင်ကောင်းစကားက “အခုအခြေအနေကလည်း အရင်အခြေအနေနဲ့ မတူတော့ဘူးလေ။ ကျနော်တို့ကလည်း စစ်ကြေညာထားပြီးပြီဆိုတော့ အရာအရာတိုင်းက အချိန်မရွေး ဖြစ်လာနိုင်တယ်။ အန္တရာယ်တွေလည်း အချိန်မရွေး ကျရောက်လာနိုင်တယ်။ ဒါကြောင့် ကာကွယ်ရေးပိုင်းနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ တတ်နိုင်သလောက် ကြိုတင်ကာကွယ်သွားမှာပဲ” ဟု ဆက်ပြောသည်။
NMSP(AD) ၏ အမိန့်ထုတ်ပြန်ကြေညာချက်ကို ထောက်ခံကြိုဆိုကြသူများရှိသလို မကျေနပ်သူများလည်းရှိနေသည်။
“ဒီကြားထဲမှာလည်း ပွဲလမ်းသဘင်တွေက ဆက်တိုက် လုပ်နေကြတာလေ။ အခုလို ထုတ်ပြန်တာက သူတို့(လူငယ်တွေ)ရဲ့ ပျော်ရွင်မှု အခွင့်အရေးကို ပိတ်ပင်လိုက်တယ်လို့ မြင်နေကြတာ ရှိတာပေါ့။ ဒါပေမဲ့ အနည်းစုပါပဲ။ ဒေသတွင်း သွားလာရေးကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ချင့်ချိန်းသတိထားပြီး သွားလာနေကြတာပေါ့။ အခုလိုမျိုး ပွဲလမ်းသဘင်ကျင်းပခွင့် ပိတ်လိုက်တာက ကျနော်အနေနဲ့ ကောင်းတဲ့အချက်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ညပိုင်းဆို ဆောင်းပေါက်သံတွေ၊ အသံချဲ့စက်တွေ ဆူညံနေတာကြောင့် တစ်ခုခု ဖြစ်ပြီးဆိုရင်လည်း ဘာကိုမှကြားမှာမဟုတ်ဘူး” ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။
မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် NMSP(AD) သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ ကြေညာပြီးနောက် NMSP(AD) တပ်ဖွဲ့ဝင် မွန်ပြည်နယ်အတွင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက မွန်လူမျိုးများနေထိုင်ရာ ကျေးရွာတို့တွင် လှုပ်ရှားလာခဲ့သည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) သွားလာလှုပ်ရှားနေသည့်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ပြီးနောက် လူငယ်နှင့် မွန်လူမျိုးများ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) ထံ လာရောက်ပူးပေါင်းခဲ့သည်လည်း ရှိနေသည်ဟု NMSP(AD) ထံမှ သိရသည်။
