Homeသတင်းရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အဓမ္မစစ်သားစုဆောင်းခံနေရ

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အဓမ္မစစ်သားစုဆောင်းခံနေရ

-

ရခိုင်ပြည်နယ်ရှိ မြို့ကြီးများ၊ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို စစ်ကောင်စီက စစ်သားအဖြစ် အဓမ္မစုဆောင်းကာ လက်နက်တပ်ဆင်ပေးထားကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူများထံမှ သိရသည်။

မတ်လဆန်းပိုင်းမှ စတင်ကာ စစ်တွေမြို့၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်တော်အပါအဝင် နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ ရိုဟင်ဂျာများကို စစ်ကောင်စီက စစ်ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စစ်သားလုံခြုံရေးများနှင့်အတူ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်မှုမဖြစ်မနေထမ်းရေး လာရောက်ပြောဆိုခဲ့ကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ပထမကတော့ စစ်မှုမဖြစ်မနေထမ်းရမယ်ပေါ့။ လစာပေးမယ်။ထောက်ပံ့မယ်ပြောတယ်။ နောက်တော့ စစ်ကားနဲ့အကုန်လာခေါ်သွားတယ်။ အဲဒီထဲမှာကျောင်းသားတွေ၊ အသက်မပြည့်သေးတဲ့လူတချို့ပါသွားတယ်။ စာမေးပွဲ ဖြေရဦးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြန်လွတ်လာတဲ့လူတွေရှိတယ်” ဟု အထက်ပါ ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူက ဆိုသည်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူများ၏ စာရင်းများအရ နှစ်လအတွင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ တစ်ထောင်နီးပါး စစ်သားအဖြစ် အဓမ္မ စုဆောင်းခံထားရသည်။

စစ်ကောင်စီ၏ အဆိုပါ ရိုဟင်ဂျာများကို စစ်ပညာစတင်သင်ပေးနေပြီး လက်နက်များတပ်ဆင်ပေးထားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြကြသည်။

၎င်းပြင် လူမှုကွန်ရက်စာမျက်နှာတွင်လည်း စစ်ကောင်စီတပ်မှ ရိုဟင်ဂျာများကို စစ်ပညာသင်ပေးနေသည့်ရုပ်သံများထွက်ပေါ်လာခဲ့သည်။

စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာများကို အဓမ္မစစ်ပညာသင်ပေးနေခြင်းမရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမှတစ်ဆင့် ငြင်းဆိုထားသည်။

ရိုဟင်ဂျာများနှင့် ရိုဟင်ဂျာအရေးလှုပ်ရှားသူများက စစ်ကောင်စီသည် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကြား သွေးကွဲစေရန် ကြိုးစားနေခြင်းဖြစ်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts