ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်ကောင်စီမှ မီးလောင်ဗုံးများ၊ ဓာတုဗုံးများဖြင့် တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်သည်။
ဆီဆိုင်နှင့် ဟိုပုံးဒေသကို တစ်ပတ်အတွင်း လက်နက်ကြီးဖြင့် အကြိမ် ၄၀၀ နီးပါး၊ ဓာတုဗုံးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကာ မီးလောင်ဗုံးဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်ခဲ့ဟု PNLA ၏ အချက်အလက်များအရ သိရသည်။
မတ်လ ၁၀ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းများနှင့် PNLA ပူးပေါင်းတပ်တို့ကြား ဆီဆိုင်နှင့် ဟိုပုံးတို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဆီဆိုင်မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးဖြင့် ၁၀၈ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၎င်းပြင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ပင်လျမ်းရွာသို့ ဒရုန်းဖြင့် မီးလောင်ဗုံးချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီမှ ဓာတုဗုံးသုံး တိုက်ခိုက်နေသည်နှင့်ပတ်သက်ပြီး PNLA ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့က ယူဆရတာပေါ့နော် လက်စုပ်လက်ကိုင်ပြဖို့တော့ ခက်တယ်။ ဒါပေမယ့် ရောဂါလက္ခဏာတူတယ်။ ကျွန်တော်တို့လည်း ဒါဟာ ဓာတုဗုံးလားဆိုတာ အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲပဲ။ ပြင်းပြင်းထန်ထန်ခံစားရတဲ့လူတော့မရှိခဲ့ပါဘူး” ဟု ပြောသည်။
PNLA ၏ အချက်အလက်များအရ မတ်လ ၆ ရက်နေ့တွင် တကြိမ်၊ မတ်လ ၈ ရက်နေ့တွင် တစ်ကြိမ် ဆီဆိုင်မြို့သို့ ဒရုန်းဖြင့် ဓာတုဗုံးလာချခဲ့သည်။
ဓာတုဗုံးကြောင့် တပ်ဖွဲ့ဝင်များ နှာခေါင်းသွေးယိုစီးခြင်း၊ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းလက္ခဏာကို ပုံစံတူ ခံစားခဲ့ကြရဟု PNLA က ဆိုသည်။
ဓာတုဗုံးအဆိပ်သင့် တပ်ဖွဲ့ဝင် ၈ ဦးနှင့် ဒေသခံများကို ဆေးကုသမှုများပေးထားကြောင်းလည်း PNLA ထံမှ သိရသည်။
ပအိုဝ်းဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု ၅၀ ကျော်လာပြီဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။