Sunday, May 10, 2026
More
    spot_img
    Homeသတင်းNMSP-AD အဖွဲ့ဝင်တစ်ဦး၏ ညီမဖြစ်သူအပါအဝင် အမျိုးသမီး (၃) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးဟု ဆို

    NMSP-AD အဖွဲ့ဝင်တစ်ဦး၏ ညီမဖြစ်သူအပါအဝင် အမျိုးသမီး (၃) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးဟု ဆို

    -

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေသည့် နိုင်ကြည်စန်း၏ ညီမဖြစ်သူအပါအဝင် ဒေသခံအမျိုးသမီး (၃) ဦးတို့ကို မတ်လ ၂ ရက်နေ့ ညပိုင်းအချိန်က စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    ယမန်နေ့ည ၈ နာရီအချိန်ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မုဒုံမြို့နယ်၊ ကော့ပီထော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် နိုင်အဒမ်းကို လက်နက်အပါအဝင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ အမတ – ၃၁၈ (အဘစ်အမြှောက်တပ်ရင်း) မှ တောင်ပကျေးရွာနေ နိုင်ကြည်စန်း၏ ညီမဖြစ်သူ ဒေါ်မြင့်စန်းဆိုသူအား စစ်ဆေးမေးမြန်းရန်ဆိုပြီး လာရောက်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

    “ဒီနံနက် ၂ နာရီလောက်ကပဲ တောင်ပရွာက ဆရာမတစ်ယောက်ကို ခေါ်သွားတယ်။ ဆရာမကတော့ မွန်ပြည်သစ် (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဆိုတဲ့အဖွဲ့ကတစ်ယောက်ရဲ့ ညီမကြောင့်မလို့ဆိုပြီး ဖမ်းသွားတယ်၊ သူ့ခင်ပွန်နဲ့လည်း အခုထိ အဆက်သွယ်မရသေးဘူး၊ ခဏမေးမြန်းဖို့ ဆိုပြီး ခေါ်သွားတာ” ဟု ဒေသတွင်းသတင်းအရင်းမြစ်ဒေသခံတစ်ဦးက ပြောပြသည်။

    အလားတူ မုဒုံမြို့နယ်၊ ကော့ပီထော်ကျေးရွာမှ မွန်ပြည်သစ်ပါတီဝင်တစ်ဦး၏ ညီမဖြစ်သူတစ်ဦးနှင့် ကမာဝက်ကျေးရွာမှ မွန်ပြည်သစ်ပါတီ မုဒုံမြို့ဆက်ဆံရေးတာဝန်ရှိသူတစ်ဦး၏ ဇနီးဖြစ်သူတို့ကိုလည်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားပြီး အဘစ်အမြှောက်တပ်ရင်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    ယခုဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တာဝန်ရှိသူများထံ သတင်းအတည်ပြုချက်ရယူရန် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ကြိုးစားဆက်သွယ်လျှက်ရှိသည်။

    “ကော့ပီထော်ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီးခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်တယ်ဆိုပြီး ဒီ (အမျိုးသမီး) ၃ ဦးစလုံးကို ညကပဲ သူတို့ (စစ်တပ်) က လာဖမ်းသွားတယ်၊ အခု အဘစ်အမြှောက်တပ်မှာလို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။

    လက်ရှိအခြေအနေအရ မုဒုံမြို့နယ်၊ ကော့ပီထော်၊ တောင်ပနှင့် ကမာဝက်ကျေးရွာများမှ အမျိုးသမီး ၃ ဦးတို့ကို လာရောက်ဖမ်းဆီးခဲ့သည့်သည့် စစ်ကောင်စီလက်အောက်ခံ (၃၁၈) အမြှောက်တပ်ရင်းအတွင်း အခြားအမျိုးသမီး ၁၀ ဦးခန့်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks