ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံဖြူဇရပ်မြို့ခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားရကြောင်း မြို့ခံများထံမှ သိရသည်။
သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းနေ အသက် ၄၆ နှစ်အရွယ် ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်ကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ကိုတရုတ်က PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာလုပ်ခဲ့လို့ ဖမ်းဆီးသွားတာလို့ သူ့မိသားစုထံကနေ သိရတယ်။ လောလောဆယ် ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားခံရတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက PDF အဖွဲ့ထံသို့ ငွေ ၈၀၀၀၀ ကျပ် ထောက်ပံ့ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မေလအတွင်းက ငွေ ၂၀၀၀၀ ကျပ်ကို ပန်ဆယ်လိုထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းပြင် ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလက တန်ဖိုး ၄၂၀၀၀၀ ကျပ်ရှိ M- 16 ကျည် ၇၀၀ တောင့်ကို မြဝတီမှတဆင့် ဝယ်ယူပြီး PDF အဖွဲ့ထံ ထောက်ပံ့ပေးခဲ့သည်ကိုလည်း စစ်ဆေးပေါ်ပေါက်ထားသည်ဟု ဆိုသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် ၂၀၁၇ ခုနှစ်အတွင်းက RIVER တံဆိပ် လေသေနတ်တစ်လက်ကို ငွေ ၄၈၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကော်သီးဖြင့် ပစ်ရသည့် PIETRO BERETTE အမျိုးအစား ထိုင်ဝမ်နိုင်ငံထုတ် စတီးကိုယ်ထည် ပစ္စတိုသေနတ်ပုံစံ တစ်လက်အား ထိုင်းဘတ်ငွေ ၂၅၀၀ ဘတ်ဖြင့်လည်းကောင်း ဝယ်ယူကာ တရားဝမင်ကိုင်ဆောင်ထားသည်ကိုလည်း တွေ့ရှိခဲ့သည် စစ်ကောင်စီက စွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည) / ၅၀ (ဈ) / ၅၂ (က) ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း PDF အဖွဲ့များထံ လက်နက်နှင့် ရိက္ခာများ ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့ခံ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် မြို့ခံများအနက်မှ ၂၀ ဦးထက်မနည်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
