မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် အခွန်ကိစ္စအကြောင်းပြပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် အိမ်ထောင်စုစာရင်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဖဖော်ဝါရီလလယ်ပိုင်းမှစပြီး လဝကရုံးမှတာဝန်ရှိသူများနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး အိမ်ထောင်စုစာရင်းတွင်ပါဝင်သည့် လူဦးရေ ၊အလုပ်အကိုင်နှင့် ပိုင်ဆိုင်မှုတို့ကို စစ်ဆေးနေသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။
"အဓိကက ကိုယ့်အိမ်မှာ လူဘယ်နှစ်ယောက်၊ နိုင်ငံခြားမှာရှိတာဘယ်နှစ်ယောက်၊ ကျောင်းသား ကျောင်းသူတွေရှိလား၊ စပါးကျီတွေရှိလား အဲ့လိုပေါ့၊ ဒီလိုစစ်ဆေးတာကလည်း အခွန်ဆောင်ခိုင်းဖို့ အခွန်စာရင်းထဲမဝင်သေးတဲ့ ဟာ တွေကို စာရင်းထဲဝင်ဖို့ အဲလိုတော့ ပြောတာပဲ" ဟုဆိုသည်။
၎င်းအပြင် သံဖြူဇရပ်မြို့နယ်တွင်လည်း စာရင်းကောက်ခံလျှက်ရှိပြီး လူဦးရေစာရင်းကောက်ယူသည့်ကိစ္စနှင့် ပတ်သတ်ပြီး တိမ်းရှောင်မှု မပြုကြရန် တိုက်တွန်းထားကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။
"ကိုယ့်ရပ်ကွက်ကျတဲ့နေမှာဆို အိမ်မှာနေနေဖို့ မရှောင်ကြဖို့ ကျနော်တို့ဘက်တော့ မရောက်သေးပေမဲ့ လာဖို့တော့ရှိတယ်လေ" ဟုဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ယခုလို အချက်အလက်စုံလင် အိမ်ထောင်စုစာရင်းကောက်ခံရသည့်အတွက် ရပ်ကွက်နေ ပြည်သူတို့အတွက် အနည်းငယ်စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်းလည်း ဆိုကြသည်။
လတ်တလော နေအိမ်တွင် အိမ်ထောင်စုစာရင်း စစ်ဆေးမှုသာမက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်လည်း အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေးမှု များပြားလာကြောင်း ခရီးသွားသူတို့ထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အားလုံးကို အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရန် ရှိသည်ဟုကြားသိရသော်လည်း လတ်တလော သံဖြူဇရပ်နှင့် မုဒုံမြို့နယ်အတွင်းသာ ကောက်ခံနေသေးကြောင်းသိရသည်။
