လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင်း ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ရေးမြို့နယ်၊ ကလော့ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၆ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကျုံလောင်းရွာဟောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျုံလောင်းရွာခံတစ်ဦးက ပြောသည်။
“ညနေလောက် ၆ နာရီကျော်လောက်က စပစ်တယ်။ ကျုံလောင်းရွာဟောင်းထဲကျတော့ လူ ၉ ယောက်လောက် ကျည်စထိမှန် ဒဏ်ရာရတယ်။ ၉ ယောက်ထဲမှာ အသက် ၁၀ နှစ် ကလေး နှစ်ယောက်က ကျည်စထိသွားတယ်။ ၁ ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်။ နေအိမ် ၃ လုံးထိသွားတယ်။ တချို့အိမ်က အစမှန် သွပ်လန် အဲ့လိုထိတာလည်းရှိတယ်” ဟု ၎င်းဒေသခံက ပြောသည်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူများကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရှိဆေးရုံတွင် ပို့ဆောင် ဆေးကုသခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာထဲ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲနေခြင်းကြောင့် ကျုံလောင်းရွာခံ ၃ ပုံ ၂ ပုံခန့်က မွန်ပြည်သစ်ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ကျေးရွာဘက်နှင့် ခြံဘက်သို့ တိမ်းရှောင်နေကြသည်။
“လောလောဆယ်က တိုက်ပွဲဖြစ်တာမရှိဘူး။ ပစ်ခတ်တာ ခြံကနေ အိမ်ပြန်လာတဲ့အချိန်မှာ ပစ်တာ။ နောက်ပြီး ဒီလိုပဲ ထပ်ပစ်နေမှာစိုးရိမ်ကြတယ်။ စစ်ကြောင်းဝင်လာမှာလည်း စိုးရိမ်နေရတယ်။ ကျုံလောင်းမှာ လက်နက်ကြီးခဏခဏကျတယ်။ ရွာအပြင်မှာပဲကျတယ်။ အခုက ရွာထဲကျတော့ စိုးရိမ်ပြီး ရွာကလူ ၃ ပုံ ၂ ပုံလောက်က မွန်ပြည်သစ်ဘက်က ခြံနှင့် ရွာတွေဘက်ကို ပြောင်းရွှေ့ကြတယ်” ဟု အခြားကျုံလောင်းရွာခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအနီးရှိ ကျေးရွာထဲကို ရေးမြို့နယ်အခြေစိုက် အမှတ် ၃၁၇ မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့သေးသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ – ၃၄၃ နှင့် ခမရ – ၅၇၈ တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၁၁ နှစ်အရွယ်ကလေး သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင် တပ်စခန်းတို့မှ လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။
