spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်သာမက အခြားသောတိုင်းရင်းသားလူမျိုးများပါ အမြတ်တနိုးဝတ်ဆင်လာသည့် မွန်ရိုးရာဝတ်စုံ

    မွန်သာမက အခြားသောတိုင်းရင်းသားလူမျိုးများပါ အမြတ်တနိုးဝတ်ဆင်လာသည့် မွန်ရိုးရာဝတ်စုံ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။

    မွန်လူမျိုးတို့ အထွဋ်အမြတ်ထား ဝတ်ဆင်နေကြသည့် မွန်ရိုးရာဝတ်စုံကို ရာသီမရွေး၊ ဒေသမရွေး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်သည့်အတွက် မွန်လူမျိုးများသာမက အခြားသောတိုင်းရင်းသားလူမျိုးများပါ အမြတ်တနိုး ဝယ်ယူဝတ်ဆင်ကြပြီး လူကြိုက်များလာသည့် ရိုးရာအထည်များဖြစ်လာနေသည်ဟု မွန်ရိုးရာအထည်ထုတ်လုပ်ဖြန့်ချိနေသည့် လုပ်ငန်းရှင်တို့က ပြောသည်။

    မွန်ရိုးရာထဘီ၊ ပုဆိုးတို့ကို မွန်တိုင်းရင်းသားများသာမက တခြားသောတိုင်းရင်းသားလူမျိုးများလည်း ဝတ်ဆင်ကြသည့် ရိုးရာအထည်များ ဖြစ်လာနေသည်ဟု မွန်ရိုးရာထုတ်လုပ်ဖြန့်ချိနေသည့် မိကလျာကပြောသည်။

    “မွန်ရိုးရာဝတ်စုံက မွန်ပြည်နယ်ထဲမှာပဲ ဝတ်ဆင်နေကြတာ မဟုတ်တော့ဘူး။ တခြားပြည်နယ်ဖြစ်တဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်ဘက်မှာလည်း အများကြီး မှာကြတယ်။ မွန်လူမျိုးမဟုတ်ပေမဲ့ မွန်ရိုးရာဝတ်စုံကို ဝတ်ချင်လို့ လာမှာကြတယ်။ အဲဒါကြောင့် ကျမတို့ရဲ့ ရိုးရာဝတ်စုံအပေါ်မှာ အများကြီး ဂုဏ်ယူရတယ်” ဟု မိကလျာက ဆိုသည်။

    မွန်ရိုးရာအထည်များကို မွန်လူမျိုးတို့၏ နေ့ထူး၊ နေ့မြတ်များသာမက အခမ်းအနား၊ အလှူအတန်းပွဲ အစရှိသည့်နေရာတို့တွင်လည်း ဝတ်ဆင်လာကြသည်။

    မိကလျာက “မွန်ရိုးရာဝတ်စုံက ဆယ့်နှစ်ရာသီလုံး ရောင်းကောင်းနေတာ။ ဟိုတုန်းကဆိုရင် မွန်လူမျိုးတွေက မွန်အမျိုးသားနေ့ရောက်မှ မွန်ရိုးရာဝတ်စုံကို ဝတ်ဆင်ကြတယ်။ မွန်အမျိုးသားနေ့နဲ့ နီးလာမှ မွန်ဝတ်စုံ ဝတ်ဆင်တဲ့လူတွေကို တွေ့ရတယ်။ ဒါပေမဲ့ အခုက ဆယ့်နှစ်ရာသီလုံး ဝတ်ဆင်ကြတယ်၊ အလှူအတန်းပြုတာပဲဖြစ်ဖြစ်၊ ရှင်လောင်းလှည့်တာပဲ ဖြစ်ဖြစ်၊ ရှင်သာမဏေလှည့်တာပဲ ဖြစ်ဖြစ်၊ ဘုရားပွဲပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် မွန်ဝတ်စုံကိုပဲ ဝတ်ဆင်လာကြတာများတယ်။ အဲဒါကြောင့် မွန်ရိုးရာဝတ်စုံက မွန်အမျိုးသားနေ့မှမဟုတ်ဘူး ဆယ့်နှစ်ရာသီလုံး ရောင်းကောင်းလာနေတယ်” ဟု ဆက်ပြောသည်။

    မွန်ရိုးရာဝတ်စုံများသာမက မွန်ရိုးရာအထည်များဖြင့် ထုတ်လုပ်ထားသည့် အိတ်များလည်း ဈေးကွက်ရလာနေသည်ဟု မွန်ရိုးရာအထည်ထုတ်လုပ်ဖြန့်ချိနေသူတို့က ဆိုသည်။

    ရိုးရာအထည်ရက်လုပ်သည့် လုပ်ငန်းသည် ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်းများနှင့် ငွေကြေးအရင်းအနှီးပေါ်မူတည်ပြီး မိသားစုတစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်းကလည်း များလာသည်ဟု မွန်ရိုးရာရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ မိလှထွန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မွန်ရိုးရာဝတ်စုံကို လာမှာကြတဲ့သူတွေ များလာလို့ ရက်ကန်းရက်ရတာလည်း များလာတယ်။ ဟိုတုန်းကတော့ ရက်ရတာ နည်းတယ်။ အဲဒါကြောင့် အဒေါ်တို့လည်း ဝမ်းသာပီတိဖြစ်တယ်။ ပို့ဆောင်ပေးရတာလည်း ပျော်လာတယ်။ ဟိုတုန်းက လာမှာကြတာ နည်းတယ်။ အခုက မွန်ပြည်နယ်အပြင် ထိုင်းနဲ့ တခြားနိုင်ငံတွေမှာလည်း ပို့ပေးရတာရှိတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်တွင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသည့် မြို့နယ်တို့တွင် မွန်ရိုးရာအဝတ်အထည် ရက်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ကြပြီး၊ အထည်ရက်လုပ်သည့် လုပ်ငန်း ၄၀ ကျော်ရှိသည်ဟု သိရသည်။

    မွန်ရိုးရာအမျိုးသားဝတ်စုံကို စတင်သတ်မှတ်ခဲ့သည့် ၁၉၇၁ ခုနှစ်ကာလဝန်းကျင်ကစပြီ မွန်ရိုးရာဝတ်စုံကို မွန်အမျိုးသားများအတွက် နေ့ထူးနေ့မြတ်များဖြစ်ကြသည့် မွန်အမျိုးသားနေ့လို နေ့မျိုးမှာသာ ဝတ်ဆင်လေ့ရှိပေမဲ့ ယခုနောက်ပိုင်းတွင် နေရာတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြသည်နှင့် အတူ မွန်ဝတ်စုံများ၊ မွန်ရိုးရာအထည်များဖြင့် ထုတ်လုပ်သည့် လူ့အသုံးအဆောင်ပစ္စည်းများလည်း ခေတ်စားလာနေသည်ဟု မွန်ရိုးရာအထည်ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းရှင်တို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks