Homeသတင်းရေးတွင် လျှပ်စစ်ဓါတ်အားခ ထပ်မံတိုးမြှင့်ကောက်ခံမည်

ရေးတွင် လျှပ်စစ်ဓါတ်အားခ ထပ်မံတိုးမြှင့်ကောက်ခံမည်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လျှပ်စစ်ဓါတ်အားသုံးစွဲခနှုန်ထားများ ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတို့ထံမှ သိရသည်။

စက်သုံးလောင်စာဆီစျေး မြှင့်တက်လာနေမှုကြောင့် လက်ရှိ ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်နေသည့် Southern Myanmar Development (SMD) ကုမ္ပဏီတို့မှ မီတာသုံးစွဲခ တစ်ယူနစ်လျှင် ၂၀၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

“စက်သုံးဆီကလည်း စျေးမြင့်တက်နေတဲ့အတွက် ကျနော်တို့တစ်ယူနစ် ၂၀၀၀ ကျပ် တိုးမြှင့်ကောက်ခံမယ်” ဟု SMD လျှပ်စစ်မီးလင်းရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် Southern Myanmar Development (SMD) လည်း ယခင်က တစ်ယူနစ်ကို ၁၇၅၀ ကျပ်ကောက်ခံရာမှ ဒီဇင်ဘာလ ဓာတ်အား သုံးစွဲခများကို ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၀၀၀ ကျပ် အထိ ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။

အလာတူ ရေးမြို့နယ်အတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြတ်သူရထွန်းကုမ္ပဏီမှ ယခင်က လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၁၈၀၀ကျပ် ကောက်ခံရာမှ ဒီဇင်ဘာလတွင် သုံးစွဲသော လျှပ်စစ်မီတာခကို ဇန်နဝါရီလအတွင်း ၂၀၀၀ ကျပ် ထပ်မံတိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း ၄င်းက ဆိုသည်။

“ဓာတ်ဆီတွေစျေးတက်လာတဲ့အတွက် မီတာခ တစ်ယူနစ် ၂၀၀၀ တင်မယ်ပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာတွေအားလုံးက ကန့်ကွက်တယ်လို့ မရှိဘူး။ အစိုးရခွင့်ပြုစာ ကျလာမှပဲ အတည်ပြုလို့ရမယ်” ဟု မြတ်သူရထွန်းကမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

လက်ရှိရေးမြို့နယ်တွင် ဒီဇယ်လောင်စာဆီ ၂၂၀ လီတာဝင် တစ်ပီပါလျှင် ကျပ်ခြောက်သိန်းကျော် ပေါက်စျေးရှိရာမှ ဒီဇင်ဘာလအတွင်း တစ်ပီပါလျှင် ကျပ် ၈ သိန်းကျော်အထိ ဈေးတက်သွားသည်ဟု အထက်ပါ ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ဓါတ်အားသုံးစွဲခ ဆက်တိုက်မြင့်တက်လာမှုကြောင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ အခက်အခဲ ကြုံတွေ့ရသည်ဟု ရေးမြို့နယ် ဒေသခံများက ဆိုသည်။

“အဆင်မပြေလည်း ဘယ်တတ်နိုင်လဲ၊ ဆီစျေးတက်နေတယ်ဆိုတော့ သူယူသလောက်ပေးရတာပေါ့။ အခုအိမ်မှာ အရင်ကထက် ပိုလျော့သုံးရတာပေါ့။ အရင်လကလည်း (တစ်လကို) ၃ သောင်းကျော် ထိတယ် အဲဒါ မီးဖွင့်၊ ရေတင်တယ်၊ တခါ တလေ မီးပူတိုက် အဲလောက်ပဲ၊ TV ဆိုလုံးဝအဖွင့်ဘူး။ အခုအခြေအနေက ပြောစရာစကားမရှိအောင်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္ပဏီသည် ရေးမြို့နှင့် ချောင်းတောင်ကျေးရွာ၊ ဓမင်းဆိပ်၊ အဘော်ကျေးရွာ၊ ဇီးဖြူတောင်ကျေးရွာ၊ ဒူးယားကျေးရွာ၊ ရွှေပြည်သာကျေးရွာများအား လျှပ်စစ်ဖြန့်ဖြူးပေးပြီး SMD လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီသည် ရေးမြို့နယ် မြောက်ပိုင်းရှိ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ နှစ်ကရင်စသည့် ကျေးရွာတို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts