စစ်ကော်မရှင်လက်အောက်ခံ ဌာနစုံပါဝင်သည့်အဖွဲ့များ မွန်ပြည်နယ်ရှိ ၁၀ မြို့လုံးတွင် အပူရှောင်စခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်နေသော်လည်း သွားရောက်နားခိုသူ မရှိသေးကြောင်း နီးစပ်ရာ ဒေသခံများမှ သိရသည်။
အယ်လ်နီညိုအပူဒဏ်ကို ရင်ဆိုင်နိုင်ရန် အာဏာသိမ်းစစ်အစိုးရ၏ ညွှန်ကြားချက်အရ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ သထုံမြို့နယ်တွင် အောက်တိုဘာလ ဒုတိယအပတ်မှစ၍ အပူရှောင်စခန်းများ စတင်ဖွင့်လှစ်ထားပြီး ၁၀ မြို့နယ်အတိုင်းအတာဖြင့် စခန်း ၁၄၈ ခုအထိ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
အပူရှောင်စခန်းများကို ဒေသတွင်း ဘုန်းကြီးကျောင်းများ၌ သောက်သုံးရေ၊ အိပ်ယာခင်းနှင့် ပန်ကာများဖြင့် စီစဉ်ထားသော်လည်း လျှပ်စစ်မီးမရရှိမှု သွားလာရေးကိစ္စများကြောင့် လာရာက်နားခိုသူမရှိဟု ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ပေါင်ဘက်မှာ အပူရှောင်စခန်း ၃၀ လောက်ဖွင့်ထားတယ်။ အဲမှာ သောက်ရေပဲ ပြင်ဆင်ထားတယ်။ ပေါင်မြို့နယ်က သူတွေ စိတ်တောင်မဝင်စားဘူး။ ဘာဖြစ်လို့လဲဆိုတော့တို့မှာ အလုပ်လုပ်နေကြရတာ။ အဲမှာ သွားနေဖို့ စိတ်မကူးကြဘူး။ ” ဟု ပေါင်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ကျန်းမာရေးထက် စားဝတ်နေရေးကိစ္စ ရင်ဆိုင်နေရသဖြင့် ဝန်ထုပ်ဝန်ပိုးသာဖြစ်ကြောင်းလည်း ဆက်ပြောသည်။
သံဖြူဇရပ်မြို့နယ် အမျိုးသမီးတစ်ဦးက“အိမ်ကနေ ထွက်ဖို့ အိုးဝေ ငှားရအုံးမယ်။ ကိုယ့်မိဘတွေ သွားတည်းရင် သူတို့စားဖို့သောက်ဖို့ သွားပို့ရအုံးမယ်လေ။ အပိုတွေပါပဲ။ ပြီးတော့ လူစုပြီးရင် တစ်ခါတည်း သူတို့ ဗုံးကျဲလွယ်အောင် လုပ်ထားတာလားမသိဘူး။ အခြေအနေတွေက မကောင်းဘူးဆိုတော့။ ” ဟု ဆိုသည်။
အပူရှိန်မြင့်တက်မှုကြောင့် မီးပုံမှန်ရရှိနိုင်ခြင်း၊ ကျန်းမာရေးအသုံးအဆောင်များကို ထောက်ပံ့ပေးခြင်း စသည့် ပြည်သူများ၏ အဓိကလိုအပ်ချက်များကို လျစ်လျူရှုပြီး စစ်အစိုးရ၏ အာဏာတည်တံ့ရေးအတွက် ဟန်ပြလုပ်ဆောင်နေသဖြင့် ထိရောက်မှုမရှိဟုလည်း ပြည်သူအချို့က ထောက်ပြထားသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အယ်လ်နီညို ရာသီဥတုကို ကျော်ဖြတ်နိုင်ရန် ပြည်သူများအနေဖြင့် ရေနှင့်စားနပ်ရိက္ခာ ကြိုတင်စုဆောင်းထားရန် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်သည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ညွှန်ကြားထားသည်။
အောက်တိုဘာ ၁၄ ရက်နေ့အထိ မွန်ပြည်နယ်တွင် အပူလျှပ်သေဆုံးသူ ၅ ဦးအထိ ရှိကြောင်းလည်း ဖော်ပြချက်အရသိသည်။
ပြင်းထန်အယ်လ်နီညိုရာသီဥတု ကာလအတွင်း အပူချိန်လွန်ကဲစွာ မြင့်တက်ခြင်း၊ရေခမ်းခြောက်များခြင်းနှင့် တောမီးလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်မျာ ဖြစ်ပေါ်နိုင်ပြီး ပြည်သူများအနေဖြင့် နေပူထဲတွင် သွားလာလှုပ်ရှားမှု လျော့နည်းရန်၊ ရေလုံလုံလောက်လောက် သောက်သုံးရန်၊ ကျန်းမာရေးကို အထူးစောင့်ရှောက်ရန် လိုအပ်ကြောင့် ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။




