စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ယနေ့ထိ ပစ်သတ်ခံရ သည့် ပြည်သူ့စစ်ခေါင်းဆောင်များမှာ ရင်းငြိမ်ကျေးရွာမှ ဦးရီမြင့်၊ ဦးမြင့်ရီ (ခ) ပေါပီ၊ ဖလပ်ကျေးရွာမှ ဦးကျော်စိုးမိုး၊ မိုးနိုင်ရပ်ကွက်မှ ကိုဘိုဘိုအောင် နှင့် ကျွဲခြံကျေးရွာမှ ဦးတက်နိုင်တို့ ဖြစ်သည်ဟု ဆိုသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတွေက ပြည်သူ့စစ်ခေါင်ဆောင်တွေကို သေနတ်တွေ ထုတ်ပေးပြီးနောက်မှာပဲ ပြည်သူ့စစ်အချို့က လက်ဖက်ရည်ဆိုင် ထိုင်နေရင်းနဲ့ ပစ်သတ်ခံရတယ်။ အချို့က အိမ်ပေါ်မှာ ဝင်ပစ်သွားတာလည်းရှိသလို လမ်းမှာ ဆိုင်ကယ်မောင်းနေရင်းနဲ့လည်း အသတ်ခံရတယ်။ စုစုပေါင် ၅ ယောက် သေဆုံးတယ်၊ ၃ ယောက်က ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။
လက်ရှိ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတိုင်း၌ စစ်မှုထမ်းဟောင်းနှင့် စစ်တပ်ထောက်ခံသူ ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီမှ သေနတ်များ ထုတ်ပေးထားပြီး ညတိုင်း လုံခြုံရေးတာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်များသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လှုပ်ရှားကြသော နိုင်ငံ့ဝန်ထမ်းများ နှင့် လူငယ်တို့ကို မတရားဖမ်းဆီးပြီး နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများအပြင် စစ်ကောင်စီနှင့် ပူပေါင်းပြီး လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ထုတ်ပြန်ပြောဆိုထားသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ ဌာနဆိုင်ရာဝန်းထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ ပြည်သူ့စစ် နှင့် စစ်ကောင်စီ သတင်းပေးဆိုသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိကြောင်းသိရသည်။