Homeသတင်းအဝယ်မရှိသည့်အတွက် မွန်ပြည်နယ်ထွက် ရော်ဘာစျေးကျ

အဝယ်မရှိသည့်အတွက် မွန်ပြည်နယ်ထွက် ရော်ဘာစျေးကျ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာ ၆၊ ၂၀၂၃။

တိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသည့်အတွက် ကုန်သည်များ ရော်ဘာအဝယ်ရပ်နား ရပ်နားထားရသည့်အတွက် ရော်ဘာစျေး ကျလာသည်ဟု ပြည်နယ်အတွင်းက ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်ထွက် ရော်ဘာများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေကြပြီး ယခုအခါ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားရသည့်အတွက် ရော်ဘာတင်ပို့မှုလည်း ရပ်တန့်ထားရသည့်အနေအထားဖြစ်သည်။

‌လက်ရှိတွင် အဆင့်မြင့်ရော်ဘာ (RCSS-1) ဟုခေါ်သည့် ရော်ဘာအပါးပြားကို ကုန်သည်တို့က ဝယ်ယူမှုရှိနေသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် လက်ဝယ်ပုံနေကြောင်း ရော်ဘာလုပ်ငန်းရှင်အသင်းတာဝန်ရှိသူတို့ထံ သိရသည်။

“တရုတ်ဘက်က မှိုင်းခံပြား နံပါတ် (၁) တော့ ဝယ်နေတယ်။ ဒါပေမယ့် စျေးနှိမ်တယ်။ ပြည်ပပို့ဖို့က ဘုရားသုံးဆူတစ်လမ်းပဲကျန်တော့တယ်။ အရင်တုန်းက မြဝတီကနေလည်း ပို့တယ်။ ဘုရားသုံးဆူကနေလည်း ထိုင်းဘက်ဝင်မရလို့ အဲ့မှာပုံနေတော့ ကုန်သည်တွေကလည်း မဝယ်တော့ဘူး” ဟု ရော်ဘာလုပ်ငန်းရှင်အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရော်ဘာရာသီအစက အဆင့်မြင့်ရော်ဘာ တစ်ပေါင် ၁၈၀၀ ကျပ်အထိ စျေးရှိခဲ့သော်လည်း လက်ရှိတွင် အဆင့်မြင့်ရော်ဘာတစ်ပေါင် ၁၆၀၀ ဝန်းကျင်သာ ပေါက်စျေးရှိနေပြီး တစ်နေလှန်းဟုခေါ်သည့် အထူပြား တစ်ပေါင်လျှင် ၁၀၀၀ ကျပ်ဝန်းကျင်သာ စျေးရှိနေသည်ဟု ရော်ဘာစျေးကွက်အတွင်းမှ သိရသည်။

မွန်ပြည်နယ်ထွက်‌ ရော်ဘာကို တရုတ်ဘက်သို့ အဓိကတင်ပို့နေပြီး တိုက်ပွဲများကြောင့် လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

“အခုလောလောဆယ်က ဘုရားသုံးဆူကနေ သွားလို့ရသလောက် ရှာကြံပြီးတော့ သွားနေတာ။ အဲဘက်ကလည်း အစစ်အဆေးတွေလည်းများ၊ စကားပြောရတာလည်း များတယ်” ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်ထွက် ‌ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှု မရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရဆဲဖြစ်သည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts