Homeသတင်းမွန်ပြည်နယ်တွင် ရော်ဘာစျေး ပြန်ကျလာ

မွန်ပြည်နယ်တွင် ရော်ဘာစျေး ပြန်ကျလာ

-

မွန်ပြည်နယ်တွင် ရော်ဘာရာသီအစက ရော်ဘာစျေးကောင်းရရှိခဲ့သော်လည်း ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ရော်ဘာစျေး ဆက်တိုက်ပြန်ကျလာသည်ဟု ရော်ဘာစိုက်တောင်သူနှင့် ရော်ဘာလုပ်ငန်းရှင်းတို့ထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ရော်ဘာစျေးကွက်အတွင်း အဆင့်မြင့်ရော်ဘာ RSS 1 တစ်ပေါင်လျှင် ကျပ် ၁၄၀၀ ဝန်းကျင်သာ ပေါက်စျေးရှိနေသည်ဟု သိရသည်။

တိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားသည့်အပြင် ကုန်သည်များလည်း လာရောက်ဝယ်ယူမှုမရှိတော့သည့်အတွက် ရော်ဘာဈေး ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်ဟု ရော်ဘာရောင်းဝယ်သူတို့က ပြောသည်။

“တိုက်ပွဲကြောင့် လမ်းတွေပိတ်နေလို့ နယ်စပ်ကနေ ဝယ်သူ နည်းပါးလာတာ ဒီတစ်ရက်နှစ်ရက်အတွင်း မှိုင်းခံ နံပါတ် 3 ကတော့ ၁၄၃၀ စျေးရနေတာ၊ မှိုင်းခြောက်ကတော့ ၁၄၀၀ ပေါ့ အစေးရည်ကလည်း တစ်ပေါင် ၃၀၀ လောက် ကျသွားတယ်။ အရင်လတုန်းက ၁၈၀၀ အထိစျေးတက်ခဲ့တယ်။ လမ်းပိတ်နေတော့ စျေးပြန်ကျလာတယ်” ဟု ရေးမြို့က ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အဆင့်မြင့်ရော်ဘာ RSS 1 တစ်ပေါင်လျှင် ကျပ် ၁၈၀၀ အထိ စျေးရရှိခဲ့ကြောင်း ဆိုသည်။ ရော်ဘာစျေးကျလာသည့်အတွက် ရော်ဘာလုပ်ငန်းရှင်များ တိုက်ခြေမကိုက်ဖြစ်နေသည်ဟု ရေးမြို့မှ ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

“ရော်ဘာစျေးကောင်းနေတုန်းကတောင် သွင်းအားစုတွေနှင့် လုပ်အားခ‌စျေးနှုန်းတွေက မကိုက်ဘူးဖြစ်နေတာ၊ အခုက စျေးထပ်ကျလာရင် တွက်ခြေမကိုက်ဘူးပေါ့ ကျနေတာက တစ်ပတ်လောက်ပဲရှိမယ်။ ပြန်တက်လာမယ်လို့လည်း ကြားတယ် လမ်းပိတ်ဆို့မှုကြောင့်ဆို‌တော့လေ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ရော်ဘာကိုအဓိက စီးပွား‌ရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းကျော်ရှိသည်ဟု သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ‌ရော်ဘာများကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည်ဟု ပြည်နယ် ရော်ဘာ လုပ်ငန်းရှင်အသင်းထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts