Homeသတင်းကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် အရပ်သားပြည်သူပါ ထိခိုက်သေဆုံးမှုရှိ

ကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် အရပ်သားပြည်သူပါ ထိခိုက်သေဆုံးမှုရှိ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၃၊ ၂၀၂၃။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုခဲ့ကြောင်းလည်း ဆိုသည်။

လူနေအိမ်ပေါ်လက်နက်ကြီးကျည်ထိမှန်သည်ရှိသလို အရပ်သားပြည်သူ ထိခိုက်တာ၊ သေဆုံးတာတွေလည်းရှိနေကြောင်း ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

“ဘယ်နှစ်ဦးထိတယ်။ ဘယ်နှစ်အိမ်ပျက်စီးသွားတယ်ဆိုတာ အတိအကျမသိပေမယ့် လက်နက်ကြီးထိတဲ့အိမ်တွေ ပျက်စီးသွားတာလည်း တွေ့တယ်။ မျက်စိရှေ့မှာတင် အရပ်သားတစ်ဦးကျည်ထိပြီး သေသွားတာလည်း တွေ့တယ်။ ကျနော်တို့လည်းပုန်းနေရတော့ ဘယ်လောက်ထိ ဆိုးဆိုးရွားရွားဖြစ်နေလဲ သေချာမသိဘူး” ဟု ၎င်းမြို့ခံက ဆိုသည်။

တိုက်ပွဲကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်းပိုင်းကိုလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ခရီးသွားတို့ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် အရပ်သားပြည်သူများသာမက စစ်ကောင်စီတပ်ဖွဲ့ဘက်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိနေပြီး အရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးမြို့ခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်လည်းရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts