Home သတင်း ကွမ်းသီး စျေးကျလို့ ကွမ်းသီးစိုက်တောင်သူများ ရပ်တည်ရန် ခက်ခဲလာ

ကွမ်းသီး စျေးကျလို့ ကွမ်းသီးစိုက်တောင်သူများ ရပ်တည်ရန် ခက်ခဲလာ

ကွမ်းသီးစျေး ဆက်တိုက်ကျဆင်းနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ ရပ်တည်ရန် ခက်ခဲလာပြီး ကွမ်းသီးလုပ်ငန်းရပ်တန့်ရသည့်အထိ ဖြစ်လာနိုင်သည်ဟု မွန်ပြည်နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူတို့ထံမှ သိရသည်။

လက်ရှိတွင် ကွမ်းသီးအခြောက် တစ်ပိဿာလျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ဝန်းကျင်သာရှိပြီး ကွမ်းသီးအစိုတစ်လုံးလျှင် ၂၀ နှင့် ၂၅ ကျပ်ဝန်းကျင်သာ စျေးရှိနေသည်ဟု ကွမ်းသီးစျေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ကွမ်းသီးစျေးနှုန်းသည် ယမန်နှစ်ကစျေးနှင့် နှိုင်းယှလျှင် ထက်ဝက်ကျော် စျေးကျဆင်းလာသည့်အတွက် ကုန်ကျထားရသည့် ကုန်ကျစရိတ်အတွက် မကာမိသည့်အခြေအနေရှိသည်ဟု ရေးမြို့မှ ကွမ်းသီးခြံပိုင်ရှင် နိုင်ဘိုင်က ပြောသည်။

“ဒီနှစ်က အလုပ်သမားစရိတ်က စျေးမြင့်နေတယ်။ တစ်နေ့ကို လူတစ်ယောက်ကို ၂ သောင်းပေးရတယ်။ ပြီးတော့ ဒီနှစ်ရဲ့ ကွမ်းသီးစျေးနှုန်းကလည်း ပြောစရာမရှိအောင်ကို ကျနေတော့။ ခြံရှင်တွေအတွက်က အရှုံးပေါ်နေတယ်။ ဒီအတိုင်းပဲ သွားနေမယ်ဆိုရင် ခြံကိုရပ်တန့်ရတော့မယ်” ဟု နိုင်ဘိုင်က ဆိုသည်။

ယမန်နှစ်က ကွမ်းသီးစျေးသည် အမျိုးအစားအလိုက် ၁ ပိဿာ ကျပ် ၈၀၀၀ နှင့် ၉၀၀၀ အကြာရှိပြီး ကွမ်းသီးအစိုတစ်လုံးလျှင် ကျပ် ၈၀ ဝန်းကျင်ရှိခဲ့သည်ဟု ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ကွမ်းသီးများ လက်ရှိတွင် တင်ပို့နိုင်မှုမရှိတော့သည့်အတွက် ကွမ်းသီးဈေး ကျဆင်းနေခြင်းဖြစ်သည်ဟု ကွမ်းသီးရောင်းဝယ်သူတို့က ပြောသည်။

ကွမ်းသီးစျေး အဆမတန်ကျဆင်းနေသည့်အတွက် ကွမ်းသီးစိုက်တောင်သူများသာမက ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသူတို့လည်း အရှုံးပေါ်နေသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့က ပြောသည်။

ယခုလို ကွမ်းသီးစျေး ဆက်တိုက်သာကျဆင်းနေသည့်အတွက် ကွမ်းစိုက်တောင်သူများ ကွမ်းသီးအစား အခြားသော ရော်ဘာ၊ ဒူးရင်း အစရှိသည်တို့ ပြောင်းလဲစိုက်ပျိုးရန် စဥ◌်းစားလာကြသည်လည်းရှိနေသည်။

“အခုက ရော်ဘာစျေးကောင်းနေတာဟုတ်၊ ကွမ်းသီးစျေးက ဒီအတိုင်းပဲသွားနေမယ်ဆိုရင် ကွမ်းပင်တွေကို ခုတ်ပြီးတော့ ရော်ဘာတွေ စိုက်တော့မှာပေါ့၊ ဒါပေမဲ့ ဒီဘက် (ရေးဘက်) မှာဆိုရင် ရော်ဘာစိုက်တာက နည်းတယ်။ ဒူးရင်း၊ လိမ္မော်သီး၊ ငရုတ်ကောင်းတို့ အဲလိုမျိုးတွေ သူတို့ပြောင်းစိုက်နိူင်တာပေါ့” ဟု ကွမ်းသီးခြံပိုင်ရှင် မိခိုင်က ဆိုသည်။

မွန်ပြည်နယ်တွင် ရေးမြို့နယ်သည် ကွမ်းသီးအဓိက စိုက်ပျိုးသည့်ဒေသတစ်ခုဖြစ်ပြီး ကွမ်းသီးစိုက်ပျိုးဧက သိန်းနှင်ချီရှိသည်။

မွန်ပြည်နယ်မှ ထွက်သည့်ကွမ်းသီးများကို ပြည်တွင်းသာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သို့ အဓိက တင်ပို့နေသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့ထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.