spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဆန်စပါးအသင်းချုပ်၏ မိုးစပါးရည်ညွှန်းစျေး တောင်သူအတွက် အကျိုးအမြတ်မရှိဟုဆို

    ဆန်စပါးအသင်းချုပ်၏ မိုးစပါးရည်ညွှန်းစျေး တောင်သူအတွက် အကျိုးအမြတ်မရှိဟုဆို

    -

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က ထုတ်ပြန်လိုက်သည့် မိုးစပါးရည်ညွှန်းစျေး သတ်မှတ်ချက်သည် တောင်သူလယ်သမားများအတွက် အကျိုးအမြတ်မရှိဘူးဟု မွန်ပြည်နယ်အတွင်းရှိ စပါးတောင်သူတို့က ပြောသည်။

    ၂၀၂၃ ခုနှစ် မိုးစပါးအတွက် စပါးအမျိုးအစားအလိုက် ရည်ညွှန်းဈေးများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာလ ၁၉ ရက်နေ့က သတ်မှတ်ထုတ်ပြန်လိုက်သည်။

    ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည့် စပါးရည်ညွှန်းစျေးသည် ဧမထ၊ ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းကြား၊ ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ၁၆ သိန်းမှ ၁၈ သိန်းကျပ်နှင့် ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ၁၈ သိန်းမှ ၂၀ သိန်းကြား သတ်မှတ်ထားသည်။

    စပါးရည်ညွှန်းစျေးကို စပါးတောင်သူများနှင့် ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်သူ‌များ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိပြီး စားသုံးသူ ပြည်သူများအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် သင့်တင့်မျှတသည့် ဆန်ဈေးနှုန်း‌ ဖြစ်စေရန် ရည်ရွယ်ပြီး သတ်မှတ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

    သို့သော်လည်း စပါးစိုက်တောင်သူတို့က ဆန်စပါးအသင်းချုပ်၏ မိုးစပါးရည်ညွန်းသတ်မှတ်စျေးသည် ကုန်သည်များအတွက်သာ ရည်ရွယ်ချက်ကောင်းမွန်ပြီး တောင်သူများအတွက် မျှတမှုမရှိဘူးဟု ဆိုသည်။

    လယ် ၄၀ ဧကပိုင် ဒေါ်သန်းဌေးက “အခု စပါးစျေးတွေက သိန်း ၃၀ ကြားရှိနေတာတောင်မှ ဘာမှကို လုပ်စားလို့မရဘူ။ သိန်း ၂၀ ကြားဆိုရင် သွားပြီးပေါ့။ ဒီနှစ်က ရေကြီးတာ သုံးကြိမ်းတောင်လေ အဲ့တာ ပြန်စိုက်ဖို့ ကုန်နေတာကလည်း မနည်းဘူး။ နောက် အလုပ်သမားငှားခ၊ မြေဩဇာစျေးနှုန်းတွေက အရင်နှစ်ကထက် သုံးဆ ပိုတိုးလာတာ။ အဲတာပဲကြည့်။ စပါးစျေး သိန်း ၂၀ လောက်နဲ့ ဘာလုပ်စားလို့ရမလဲ” ဟု ပြောသည်။

    စပါးစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းခ၊ ထွန်ယက်ခ၊ မြေဩဇာစသည့်သွင်းအားစုများ စျေးအဆမတန်မြင့်တက်လာသည့်အတွက် စိုက်ပျိုးစရိတ်သည်လည်း ယခင်နှစ်များကထက် ယခုနှစ်တွင် သုံးဆခန့် မြင့်တက်လာကြောင်း စပါးစိုက်တောင်သူတို့ထံမှ သိရသည်။

    “အရင် တစ်ဧကကို ၂ သိန်းလောက်ပဲကုန်နေတာ။ ဒီနှစ်က လယ်တစ်ဧကကိုအကြမ်းဖျင်း ၇ သိန်းလောက်ကုန်နေတာ။ ပြီးတော့ စပါးအရမ်းကောင်းမှ တစ်ဧကကို တင်း ၄၀/၅၀ လောက်ပဲ ထွက်တယ်။ အခုက လယ်မပြီးသေးဘူး သိန်း ၈၀ က ကုန်နေပြီ။ အဲ့တာ ကောက်စိုက်စရိတ်က မပါသေးဘူး။ ဒီနှစ်ရေကြီးထားတာလဲရှိသေးတယ်။ စပါးစျေးတွေက ဘာကိုမှကို မရှိတာ” ဟု ဒေါ်သန်းဌေးက ဆက်ပြောသည်။

    လက်ရှိ စပါးစျေးနှုန်းသည် ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ၂၈ သိန်းခန်ရှိနေပြီး ဆန်ချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ၃၁ သိန်းဝန်းကျင် ပေါက်စျေးရှိနေသည်ဟု ကုန်သည်တို့ထံမှ သိရသည်။

    “အခုက စပါးစျေးနည်းနည်းရနေတော့ ကျန်နေတဲ့ စပါးတွေကိုရောင်းချင်တာပေါ့။ ဒါပေမယ့် ပွဲစားတွေက စပါးအဟောင်းတွေကို ဝယ်စားတဲ့လူမရှိတော့ဘူးဆိုပြီး မဝယ်ကြတော့။ မရောင်းရဘူး” ဟု မုဒုံမြို့နယ်မှ လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်ရီက ပြောသည်။

    ကုန်သည်တွေကတော့ မိုးစပါးထွက်ချိန်တွင် စပါးစျေး၊ ဆန်စျေးများ ပြန်ကျလာဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စပါးစျေး၊ ဆန်စျေးများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် ဆန်စပါးစျေး ထပ်မံမြင့်တက်လာခဲ့သလို ဆန်စပါးသိုလှောင်သူ၊ ဆန်စက်နှင့် ကုန်သည်တို့၏ စျေးကစားမှုကြောင့်လည်း ဆန်စပါးစျေး ပိုမြင့်တက်‌စေခဲ့သည်ဟု ဆန်ကုန်သည်အချို့တို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks