spot_img
Friday, May 3, 2024
More
    spot_img
    Homeမေးမြန်းချက်ဘုရားသုံးဆူမြို့ရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း

    ဘုရားသုံးဆူမြို့ရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၂၆ စက်တင်ဘာ ၂၀၂၃

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးပါ ဆောင်ရွက်နေပြီးလို့ ကေအဲန်ယူက ယခုရက်ပိုင်းအတွင်း ထုတ်ပြောလာပါတယ်။

    ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ ရဲစခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တို့က ယခုနှစ်ဆန်းပိုင်းအတွင်းမှာ ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက်ပိုင်း မြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့သည့်အခြေအနေရှိရာကနေ ကေအဲန်ယူဘက်က ယခုလို ထုတ်ပြောလာတာပါ။

    ဘုရားသုံးဆူမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီးဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တို့က မြို့ပေါ်အနှံ့ လုံခြုံရေးဆောင်ရွက်လာတဲ့အပြင် စစ်ဆေးမှုလည်း တင်းကြပ်လာတယ်လို့ မြို့ခံတို့ကနေ သိရပါတယ်။

    လက်ရှိ ဘုရားသုံးမြို့ရဲ့အခြေအနေ ဘယ်လိုရှိနေလဲ။ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက ထိန်းချုပ်ထားနိုင်ပြီးလား စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘုရားသုံးဆူမြို့ခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက ထိန်းချုပ်ထားပြီး။ အုပ်ချုပ်ရေးတွေပါ စတင်လုပ်နေဆောင်နေတယ်ဆိုပြီး အခုရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာတာရှိတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မြို့ခံတစ်ယောက်အနေနဲ့ ဘာများသိထားတာရှိလဲ။

    ဖြေ ။ ။ ဘုရားသုံးဆူဒေသကို ကေအဲန်ယူက ထိန်းချုပ်လိုက်တယ်ဆိုတာက အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းကရှိပါတယ်။ ထိန်းချုပ်တဲ့ပုံစံကတော့ ဥပမာ သွားတာလာတာ၊ စီးပွားရေး စသဖြင့် အမျိုးမျိုးပေါ့လေ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းကတော့ သူတို့ အုပ်ချုပ်လို့မရဘူး အရင်က။ အခုက ဟိုးလေးတကျော်ဖြစ်သွားတာက ကေအိုင်စီကနေ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက အုပ်ချုပ်ရေးစတင်လိုက်ပြီးဆိုတဲ့ သတင်းပေါ့လေ ဒါပေမယ့် အဲလိုပုံစံမျိုးတော့ မဟုတ်သေးဘူး။ မဟုတ်ဘူးဆိုတာက လောလောဆယ် ဘုရားသုံးဆူမြို့မှာ ဘာအုပ်ချုပ်ရေးမှ မရှိဘူး။ (စစ်ကောင်စီ) က အုပ်ချုပ်မှုမျိုးမရှိသလို လက်နက်ကိုင်အဖွဲ့ဘက်က အုပ်ချုပ်နေတာလဲမရှိဘူး။ အဲလိုအုပ်ချုပ်နေတာမရှိလို့ ဥပဒေဆိုင်ရာ ထိန်းသိမ်းမှုတွေကလည်း ဘာမှမရှိဘူး။ သူ့ဟာနဲ့သူ ကိုယ့်ဟာနဲ့ကိုယ် လှုပ်ရှားနေကြတယ်။ အဲလိုအုပ်ချုပ်မှုမရှိတဲ့အတွက်ကြောင့်လည်း သူခိုးတွေ ဘာတွေကလည်း ပေါများလာတယ်။ ဒီလိုအခြေအနေမှာ ဒီဥပဒေမဲ့လုပ်ရပ်တွေကို ထိန်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့လက ဘုရားသုံးဆူဒေသမှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KNU၊ NMSP၊ DKBA၊ KNU/KNLA- PC၊ KPF စတဲ့အဖွဲ့တွေက တိုင်ပင်ဆွေးနွေးကြတာရှိတယ်။ ဘာတွေဆွေးနွေးကြလဲဆိုတော့ ဘုရားသုံးဆူမြို့မှာ အုပ်ချုပ်ရေးဆောင်ရွက်ဖို့ ရပ်ကွက်တွေမှာ ဥပဒေနဲ့ မညီတာတွေကို ထိန်းသိမ်းဖို့ သူခိုးတွေ ဘာတွေ စသဖြင့်ပေါ့လေ အဲဒါတွေကို ထိန်းသိမ်းသွားဖို့ အဲလိုပုံစံမျိုးတော့ ချမှတ်ထားတာတော့ရှိတယ်။ တကယ်ပဲ KNU က ထိန်းချုပ်လိုက်တယ်ဆိုတာတော့ မဟုတ်သေးဘူး။ အဲလိုအခြေအနေမျိုးပါ။

    မေး ။ ။ ဘုရားသုံးဆူမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ? ဖြေ ။ ။ အစိုးရဌာနဆိုင်ရာရုံးတွေ ဥပမာ ရဲ၊ စစ်တပ် အဲဒါတွေကတော့ရှိနေတယ်။ ဝန်ထမ်း နည်းတဲ့ ဌာနဆိုင်ရာရုံးပေါ့ ဥပမာ စရဖ၊ SP၊ စည်ပင်တို့ စသဖြင့် အဲလိုရုံးတွေက မရှိတော့ဘူး။ ဝန်ထမ်းတွေမရှိတော့၊ ရုံးတွေ ဖွင့်တာလည်းမရှိတော့ဘူး။ လွန်ခဲ့တဲ့ ၅ လပိုင်း/ ၆ လပိုင်းကတည်း ဝန်ထမ်းတွေ ထွက်သွားဖို့ (တော်လှန်ရေးအင်အားစုတွေဘက်က) ကြေညာပြီးကတည်းက ဝန်ထမ်းနည်းတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေက ပိတ်ထားကြတယ်။ ဒါပေမယ့် ပိတ်လို့မရတဲ့ရုံးတွေ လဝကတို့ ဘာတို့က ရှိနေတယ်။ ဖွင့်ထားတယ်။

    မေး ။ ။ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက ထိန်းချုပ်ထားနိုင်ပြီးဆိုတဲ့သတင်း ထွက်လာတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားမှု ဘယ်လိုရှိလာလဲ။

    ဖြေ ။ ။ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက အုပ်ချုပ်နေပြီးဆိုတဲ့သတင်း ထွက်လာပြီး နောက်နေ့ (စက်တင်ဘာ ၂၁ ရက်နေ့) မှာ စစ်တပ်၊ ရဲ၊ BGF ပါတဲ့အဖွဲ့က အင်အားများများနဲံ မြို့ပေါ်ထွက်လာတယ်။ ရပ်ကွက်တွေထဲထိကို နေ့ရော ညပါ ကင်းလှည့်လာတာ။ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်လာတာရှိတယ်။ လမ်းဆုံလမ်းခွတွေမှာ ကား၊ ဆိုင်ကယ်တွေကိုတားပြီး စစ်တယ်။ ရပ်ကွက်မှာဆို မသင်္ကာသူတွေကို လိုက်မေးတယ်။ အဲလိုမျိုး လုပ်ဆောင်လာတာရှိတယ်။

    မေး ။ ။ တကယ်လို့ ဘုရားသုံးဆူဒေသကို ကေအဲန်ယူက ထိန်းချုပ်လိုက်နိုင်မယ်ဆိုရင် မြို့ခံတစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ ဘာတွေ ဖြစ်လာနိုင်မလဲ?

    ဖြေ ။ ။ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် တကယ်လို့ အေအဲန်ယူကနေ အုပ်ချုပ်ရေးအပိုင်းကို ထိန်းချုပ်သွားနိုင်မယ်ဆိုရင်။ ပြည်သူတွေအတွက်ကတော့ သွားရေးလာရေးရော စီးပွားရေးရောက အနည်းငယ်တော့ အဆင်ပြေချောမွေ့လာမယ်လို့ ထင်တယ်။ ဒါပေမယ့် နိုင်ငံရေးနည်းအရဆိုရင် ကေအဲန်ယူကနေ ဘုရားသုံးဆူမြို့ကို အုပ်ချုပ်ရေးဆောင်ရွက်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ မြင်မိတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ဘက်ကလည်း ဒါကို လက်ခံမှာမဟုတ်ဘူး။ အခြေအနေက အဲလိုဖြစ်နေတယ်။ ဒါပေမယ့် တကယ်လို့ ကေအဲန်ယူက အုပ်ချုပ်ရေးလုပ်ဆောင်မယ်ဆိုရင်လည်း ပြည်သူအတွက်ကတော့ ဖွံ့ဖြိုးတိုးတက်ဖို့က မမြင်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီဘုရားသုံးဆူဒေသမှာရှိနေတဲ့ အခွင့်အရေးတွေအားလုံးက ကေအဲန်ယူ လက်ထဲမှာပဲရှိနေတယ်။ အကောက်အခွန်တို့၊ ဘာတို့ အမျိုးမျိုးပေါ့လေ အဲလိုရှိနေတယ်။ ဘယ်အဖွဲ့အစည်းကပဲ အုပ်ချုပ် အုပ်ချုပ် မွန်ပြည်သစ်ပါတီအုပ်ချုပ်လည်း ဒီအတိုင်းပဲ သွားမှာ အဓိကက ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရမဟုတ်တော့ ပြည်သူတွေရဲ့ လုံခြုံရေး၊ စီးပွားရေး အမျိုးမျိုးပေါ့လေ အဆင်ပြေ ချောမွေ့လာမှာမဟုတ်ဘူးလို့ မြင်တယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts