Homeသတင်းကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

-

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒူးပလာယာခရိုင် နောင်တလာကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့နယ် စကခ (၁၂) လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နောင်တလာကျေးရွာနေ အသက် ၃၀ အရွယ် စောကေတွန့် လည်ပင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ဆိုသည်။

ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စကခ(၁၂) လက်အောက်ခံ ခလရ (၂၃၀)၊ ခမရ (၅၄၆)၊ ခလရ (၂၀၈) တပ်ရင်းများနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း (၆) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်မှ လူနေကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၇၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့် ရှိသူ ၃ ဦး၊ တပ်ကြပ် ၁ ဦးနှင့် တပ်ကြပ်အဆင့်ရှိသူ နယ်ထိန်းရဲမှူး ၁ ဦးအပါအဝင် ၁၉၁ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူး ၁ ဦးနှင့် ဒု-ရင်းမှူး ၁ ဦး အပါအဝင် ၁၆၃ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA, KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၇ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုထားသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း အခြေစိုက်သော စစ်ကောင်စီတပ်စခန်းများနှင့် စစ်ကောင်စီစစ်ကြောင်းများကို KNLA, KNDO ပူးပေါင်းတပ်ဖွဲ့တို့မှ စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းတို့ကို နေ့စဥ်နှင့်အမျှ လုပ်ဆောင်လျှက်ရှိနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts