Homeသတင်းသံဖြူဇရပ်တွင် အမျိုးသားသုံးဦးဖမ်းဆီး အမှုဖွင့်ခံရ

သံဖြူဇရပ်တွင် အမျိုးသားသုံးဦးဖမ်းဆီး အမှုဖွင့်ခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အမျိုးသားသုံးဦး ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများသည် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးတွင် “ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး” ဆိုင် ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်နှင့် အလုပ်သမား နှစ်ဦးတို့ဖြစ်သည်။

“ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်” ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုဟိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုညီညီလွင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုညီညီထွေးတို့ကို လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်တို့က စက်တင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဆိုင်တွင် လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဆိုသည်။

“သူတို့ကို ဖေ့ဘွတ်ပေါ်မှာ နိုင်ငံရေးလှုံ့ဆော်တဲ့ ပို့စ်တွေ‌ ရေးတင်တာ၊ ရှဲတာလုပ်လို့ဆိုပြီး ဖမ်းတာလို့တော့ ပြောတယ်။ အခု ၅၀၅ နဲ့ အမှုဖွင့်ထားတယ်” ဟု နီးစပ်သည့် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းပြုပြင်ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားနှစ်ဦးတို့ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ကိုအောင်ကိုဟိန်း၊ ကိုညီညီလွင်နှင့် ကိုညီညီထွေးတို့ကို စစ်ဆေးမှုအရ ၎င်းတို့ထံ လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည့် သက်သေအထောက်အထားများ တွေ့ရှိရကြောင်း ရေးသားထားသည်။

သံဖြူဇရပ်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်စာ ရေးသားဖြန့်ဝေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ဆက်စပ်တာ၊ PDF တွေကို ငွေကြေးထောက်ပံ့တာဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးမှု  ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ဖမ်းဆီးခံရသူများအနက် အချို့တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့နှင့် ထောင်ဒဏ်တစ်သက်အပြင် သေဒဏ်ထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ရေးယူလျက်ရှိသည်။

နိုင်ငံရေးအကျဥ◌်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားသည့်စာရင်းများအရ မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး ၂၀၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts