ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းကြောင့် ပီလောပီနံစိုက်ခင်းများ ပျက်စီးဆုံးရှုံးကုန်သည်ဟု ပီလောပီနံစိုက်တောင်သူတို့က ပြောသည်။
ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ခန့်မှစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇမိမြစ်ရေတိုးလာက မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပီလောပီနံစိုက်ခင်းအများစု ပျက်စီးကုန်သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာမှ ပီလောပီနံစိုက်တောင်သူတစ်ဦးက ပြောသည်။
“ရေမြုပ်တာကြာတော့ အပင်တွေက တချို့က သေကုန်တယ်။ တချို့အပင်တွေကလည်း ဝါကုန်တယ်တယ်။ ရေကတော့ ကျသွားလိုက် ပြန်တက်လာလိုက်နဲ့ အဲလိုဖြစ်နေတာ။ ကြားထဲမှာ လေတိုက်ကြမ်းတာကြောင့်လည်းပါ” ဟု ဆိုသည်။
ကြာအင်းဆိပ်ကြီးဒေသခံတို့က ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာခဲ့ကြသော်လည်း ယခုအခါ စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ်နည်းပါးသည့် ပီလောပီနံ စိုက်ပျိုးခြင်းကို ရွာလုံးကျွတ်နီးပါး လုပ်ဆောင်လာခဲ့ကြသည်။
ယခုနှစ်တွင် ရေကြီးနစ်မြုပ်ပြီး ပီလောပီနံစိုက်ခင်းများ ပျက်စီးသွားသည့်အတွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကို ပီလောပီနံစိုက်တောင်သူတို့က စိုးရိမ်းနေကြသည်။
“အရင်ကဆိုလူစုံရင် ပီလောပီနံအကြောင်းပဲပြောတာ။ ဒီနှစ်ကတော့ အမြတ်ရဖို့မပြောနဲ့ နောက်နှစ်အတွက် မျိုးစေ့ကျန်ပါ့မလား အဲတာကို စိုးရိမ်နေတာ” ဟု ပီလောပီနံစိုက်တောင်သူ နိုင်မစ်က ပြောသည်။
ပီလောပီနံစိုက်ပျိုးရာတွင် စိုက်ပျိုးသည့် အပင်အနည်းအများပေါ်မူတည်ပြီး အနည်းဆုံး ၈ သိန်းမှ သိန်း ၂၀ အထိ အရင်းထုတ် လုပ်ကိုင်ကြရသည်ဟုလည်း ဆိုသည်။
ကရင်ပြည်နယ်မှ ထွက်သည့် ပီလောပီနံဥများကို ဘုရားသုံးဆူနှင့် မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချကြပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့နေသည်ဟု သိရသည်။
