spot_img
Tuesday, March 18, 2025
More
    spot_img
    Homeသတင်းနှစ်ကရင်ကျေးရွာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ကရင်ရွာသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်း

    နှစ်ကရင်ကျေးရွာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ကရင်ရွာသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်း

    -

    ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ 

    တိုက်ပွဲဖြစ်စဥ်အတွင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် အမြောက်တပ် (၃၁၇) ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ထောင်နဲ့ချီတဲ့ နှစ်ကရင်ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

    လက်ရှိအချိန်အထိ နှစ်ကရင်ကျေးရွာရဲစခန်းထဲမှာ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင်း ဒေသခံတွေ နေရပ်မပြန်ရဲပဲဖြစ်နေပါတယ်။

    ဒါ့အပြင် ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် နှစ်ကရင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး နှစ်ကရင်ရွာသား ၂၀ ဦး ထက်မနည်းကိုလည်း စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့။ အချို့ ပြန်လွတ်လာကြပေမယ့် အများစုကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးခံနေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ နှစ်ကရင်ဒေသခံတွေက တိုက်ပွဲထပ်ဖြစ်လာမှာကို စိုးရိမ်ကြောက်ရွံ့နေကြတဲ့အပြင် ဖမ်းဆီးခံရမှာလည်း ကြောက်ရွံ့နေကြရပါတယ်။ လက်ရှိ နှစ်ကရင်ကျေးရွာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ကရင်ရွာသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ လက်ရှိ နှစ်ကရင်ကျေးရွာရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ

    ဖြေ။ ။ အခြေအနေကတော့ ရွာထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ၂၅ ရက်နေ့ (ဇွန်လ ၂၅ ရက်) နောက်ပိုင်းမှာတော့ အခြေအနေက တည်ငြိမ်နေတယ်။ ဒါပေမယ့် သတင်းတွေတော့ အမျိုးမျိုးထွက်နေတယ်။ ကောလဟလတော့ အမျိုးမျိုးထွက်နေတယ်။ ဘယ်နေ့မှာ တိုက်ပွဲထပ်ဖြစ်အုံးမယ်။ ဘာညာ အဲလို ကောလဟလသတင်းတွေ ပျံ့နေတော့ အကုန်လုံးက ကြောက်ရွံ့နေကြတယ်။ တချို့ကလည်း ၅ ရက်အတွင်း အိမ်ပြန်မလာရင် အိမ်ကို ချိပ်ပိတ်မယ် ဘာညာဆိုပြီး သတင်းထွက်နေတယ်။ သူတို့ (စစ်တပ်) ဘက်ကတော့ ဘာမှလဲမပြောဘူး။ အဲလို အချင်းချင်း ခြောက်လှန့်ပြီး သတင်းလွှင့်နေတော့ ပြန်ဖို့ လုပ်နေတဲ့လူတွေက ပိုလို့တောင် မပြန်ရဲကြဘူးဖြစ်နေတယ်။ အချင်းချင်း ခြောက်လှန့်နေကြတော့ ထွက်ပြေးရတဲ့နေ့တွေလည်း ရှိတယ်။ အမှန်က ဘာမှမဟုတ်ဘူး။ အခြေအနေက အဲလိုဖြစ်နေတာ။

    မေး ။ ။ ရွာထဲမှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာ ရွာသားတွေ ဖမ်းဆီးခံနေရတာတွေ ရှိနေတယ်လို့ သိရတယ်။ အဲဒီရွာသားတွေ ဖမ်းဆီးခံရတဲ့အခြေအနေရော ဘယ်လိုရှိလဲ

    ဖြေ။ ။ ဖမ်းဆီးနေတာတော့ရှိတယ် ဒါပေမယ့် သူတို့မှာ အပြစ်ရှိလို့ ဖမ်းခံရတာလား အပြစ်မရှိဘူးလားဆိုတာကတော့ ကျနော်တို့လဲ သေချာ မသိဘူး။ ဖမ်းခံနေရတော့ရှိတယ်။ ဖမ်းခံရတဲ့အထဲမှာ ပြန်လွတ်လာတာတွေလည်းရှိတယ်။ တချို့ကလည်း ပိုက်ဆံ ၂ သိန်း၊ ၃ သိန်းလောက် ပေးရပြီး ပြန်လွတ်လာတာလဲရှိတယ်။ အရင်ဦးဆုံး ဖမ်းခံရတာက အိမ်တစ်အိမ်မှာ အဲအိမ်က မူးယစ်ဆေးဝါးလား ဘိန်းစာရွက်လား မသိဘူး ရောင်းနေတဲ့အိမ်မှာ လူတွေစုပြီး မူးယစ်သောက်စားနေတဲ့အချိန်မှာ ဝင်ဖမ်းတော့ အဖမ်းခံရတဲ့လူ များတယ်။ ၇ ယောက် ၈ ယောက်လောက် ဖမ်းခံထိသွားတယ်။ ကျန်တာတွေက တစ်ယောက်စ နှစ်ယောက်စ ဖမ်းမိတာတွေလည်း ရှိနေတယ်။

    မေး ။ ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေကရော ပြန်လာကြပြီးလား။ အခြေအနေဘယ်လိုရှိလဲ။

    ဖြေ ။ ။ ပြောရရင် အခုလောလောဆယ်ကတော့ အခြေအနေက တည်ငြိမ်အေးချမ်းနေတာပေါ့လေ။ အခြေအနေတည်ငြိမ်နေတော့ ပြန်လာတဲ့လူတွေကတော့ ရှိတယ်။ တချို့ သိပ်ပြီးကြောက်ရွံ့နေတဲ့သူတွေကျတော့ မပြန်လာကြသေးဘူး။ သတင်းကြားနေတာကတော့ မွန်ပြည်သစ်ပါတီက လာပြီးတော့ လုံခြုံရေးယူပေးမယ်။

    မေး ။ ။ လက်ရှိ နှစ်ကရင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွတ်ပြောချင်တာရှိလဲ။

    ဖြေ ။ ။ ရွာမှာ နေနေရတယ်ဆိုတော့ အမြဲ စိုးရိမ်ပူပန်းမှုတွေနဲ့ နေနေရတယ်။ ဆိုတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီပဲဖြစ်ဖြစ်ပေါ့ အဲလို မွန်လူမျိုးအပေါ် သြဇာရှိတဲ့အဖွဲ့အစည်းတွေ လုံခြုံရေး လာယူပေးစေချင်တယ်။ မုဒုံဘက်မှာလည်း သူတို့ (မွန်ပြည်သစ်ပါတီ) လုံခြုံရေးယူပေးနေတယ်ဆိုတော့ ကျနော်တို့ဘက်ကိုလည်း လာပြီး လုံခြုံရေး ယူပေးစေချင်တယ်။ သူတို့ (မွန်ပြည်သစ်ပါတီ) လာမယ်လို့လဲ ကြားနေတယ်။ တကယ်လို့ မွန်ပြည်သစ်ပါတီက လာပြီး လုံခြုံရေးယူပေးမယ်ဆိုရင် ကျနော်တို့ ပိုပြီး လုံခြုံမယ် အေးချမ်းမယ် အဲလိုတွေးနေတာပေါ့။  

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,500SubscribersSubscribe
    spot_img

    Latest posts