မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခတွေနှင့် ဒေသတွင်းမလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ (၂) သန်းနီးပါး ရှိလာသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံမှာ ရုံးစိုက်တည်ရှိနေသည့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ချက်အရဆိုလျှင် စစ်ဘေးရှောင် (၁ ဒသမ ၉) သန်းခန့်ရှိပြီး အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး စစ်ရှောင်ပြည်သူ (၈၀၀၀၀) ခန့်ရှိသည်ဟု ဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍ စစ်ကောင်စီ၏ တင်းကျပ်တားဆီးမှုသည် စစ်ဘေးရှောင်ပြည်သူများအတွက် နေစရာ၊ စားနပ်ရိက္ခာ လိုအပ်ချက်များနှင့် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားသည်။
စစ်ကောင်စီက အကူအညီပေးပို့မှုကို ပိတ်ပင်တားဆီးထားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှ ပြည်သူလူထုများ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံတွေက ပြောဆိုထားသည်။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကုလသမဂ္ဂအကြီးအကဲတွေက စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာပေးပို့မှု အခွင့်အရေးကို တောင်းဆိုရာတွင် စစ်ကောင်စီက ခွင့်ပြုခဲ့သည့်အတွက် ဆိုင်ကလုန်းမုန်တိုင်ဘေးသင့်ခံ ပြည်သူများထံ စားနပ်ရိက္ခာနှင့် ပစ္စည်းအမျိုးမျိုး ဆက်လက်ပို့ဆောင်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်းရေးအဖွဲ့အစည်းအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က စစ်ကောင်စီကို ပူးပေါင်းဆန့်ကျင်တိုက်ခိုက်နေပြီး စစ်ဖြစ်ပွားရာဒေသတွင် နေထိုင်ကြသော ပြည်သူလူထုများက အိုအိမ်စွန့်ခွာပြီး စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရသည်။
