spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းMSDF တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု KNU ဘက်က ဖြေရှင်းပေးခြင်း မရှိသေးဟုဆို

    MSDF တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု KNU ဘက်က ဖြေရှင်းပေးခြင်း မရှိသေးဟုဆို

    -

    မွန်ပြည်ကာကွယ်‌ရေးတပ် (MSDF) မှ တပ်ဖွဲ့ဝင်များ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ယနေ့အထိ တစ်စုံတစ်ရာဖြေရှင်းပေးခြင်း မရှိသေးဟု MSDF ဥက္ကဋ္ဌ ဒေါက်တာသီရီမွန်ချမ်းက ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က KNU တပ်မဟာ (၄) နှင့် သွားရောက်တွေ့ဆုံခဲ့သည့် MSDF နှင့် တနင်္သာရီဒေသတပ် တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့တို့ကို KNU တပ်မဟာ (၄) တပ်ဖွဲ့ဝင်တို့က ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် MSDF မှ တပ်ခွဲမှူး၊ တပ်သား ၂ ဦးနှင့် အရပ်သား ယာဥ်မောင်းတစ်ဦး သေဆုံးသွားခဲ့သည်။

    အဆိုပါ တပ်ဖွဲ့ဝင်များ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး KNU ဗဟိုတာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် စာပေးပို့တောင်းဆိုခဲ့သော်လည်း နှစ်လကျော်ကြာလာသည်အထိ တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဟု MSDF ဥက္ကဋ္ဌ ဒေါက်တာသီရီမွန်ချမ်းက ပြောသည်။

    “တပ်မဟာ ၄ ကို Email နဲ့ ပို့တယ်၊ နောက်ပြီးတော ဗဟိုနဲ့လည်း Email ပို့တယ်၊ တပ်မဟာ ၄ က Email   ပြန်လာတာက သူတို့ အထက်အရာရှိတွေနဲ့ တင်ပြမယ် အဲဒီလောက်ပဲ ပြောထားတယ်။ နောက်ပိုင်း ဘာမှ ပြန်ကြားလာတာ မရှိဘူး။ KNU ဗဟိုကိုတော့ ဗဟိုပြောရေးဆိုခွင့်ရှိသူ စောကလယ်စေးနဲ့ တစ်ခါ အဆက်အသွယ်ရတယ်။ သူကလည်း ဒီအတိုင်းပါပဲ။ အောက်ခြေ တပ်ဖွဲ့၊ တပ်မှူးတွေရဲ့ အစီရင်ခံစာကို စောင့်နေတယ်။ အဲလောက်ပဲ။ ဒါပေမဲ့ အခုချိန်ထိ လနဲ့ချီနေပြီ ဘာမှအကြောင်းပြန်ကြားတာ မရှိသေးဘူး” ဟု ဆိုသည်။

    အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို တာဝန်ရှိပုဂ္ဂိုလ်များထံ လွတ်လပ်‌သော မွန်သတင်းအေဂျင်စီက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

    တိုက်ပွဲဝင်နေကြသော မဟာမိတ်တပ်ဖွဲ့များ အချင်းချင်း မဟာမိတ်မဆန်သော လုပ်ရပ်များကို မလုပ်ဆောင်သင့်ကြောင်း ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောသည်။

    “ဒီအပေါ်မှာ ကျနော်တို့ မွန်တပ်ဖွဲ့တွေ၊ မွန်အမျိုးသားတွေလည်း တော်တော်လေး မခံမရပ်ဖြစ်နေတယ်။ အခုချိန်မှာ မဟာမိတ်အချင်းချင်းပေါ့၊ ဘုံရန်သူကို တိုက်ပွဲဝင်နေတဲ့ အချိန်မှာ အခုလိုမျိုး ကြီးနိုင်ငယ်ညှင်း နောက်ပြီးတော့ မဟာမိတ်မဆန်တဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီးတော့ အောက်ခြေမှာ ဖြစ်လာခဲ့တဲ့ ပြဿနာတွေကို ကြီးတဲ့ ပြဿနာငယ်သွားအောင်၊ ငယ်တဲ့ ပြဿနာ ရှင်းသွား‌အောင် အပေါ်က တာဝန်ခံတွေ၊ တပ်မှူးတွေ၊ KNU ခေါင်းဆောင်တွေ အလေးထားပြီးတော့ ရှင်းလင်းသင့်တယ်။ အဲဒီလိုမျိုး ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဘာမှမဖြစ်လာခဲ့ဘူးပေါ့နော်” ဟု ပြောသည်။

    MSDF နှင့် တနင်္သာရီဒေသတပ် တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေးတွင် အတူတကွပူးပေါင်းလုပ်ဆောင်ရန်အတွက်ဆိုပြီး ဧပြီလ ၂၉ ရက်နေ့က KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီးစောဘွဲ့မှူးနှင့် တာဝန်ရှိသူတို့အား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ပြန်လာစဉ် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) အနီးတွင် KNU တပ်မဟာ (၄) တပ်ဖွဲ့များက MSDF ကို ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး MSDF တပ်ခွဲမှူးနှင့် တပ်သား ၁ ဦး ကျဆုံးခဲ့သည်။

    ယင်းနောက် နိုင်တမော့ချမ်းနှင့်အဖွဲ့တို့ ပြန်ဆုတ်လာချိန် နေ့လည် ၁၂ နာရီခန့်တွင် ပြည်ကြီးမဏ္ဍိုင်ရွာအနီး (ခန့်မှန်း မိုင်တိုင် – ၂၆) တွင် KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယအကြိမ် ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့ရာ MSDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ယာဥ်မောင်း ၁ ဦး ထပ်မံကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၅ ဦးလည်း လက်နက်များနှင့်အတူ ပျောက်ဆုံးသွားခဲ့သည်ဟု MSDF က ထုတ်ပြန်ထားသည်။

    ၎င်းပြင် MSDF ထံမှ AK – 16 တစ်လက်၊ 357 စုံလည် တစ်လက်၊ M -16 သုံးလက်၊ HK – 16 ၂ လက်၊ Shot Gun ခေါက်ချိုး ၂ လက်နှင့် လက်ပစ်ဗုံးများလည်း KNU တပ်မဟာ (၄) က သိမ်းဆည်းသွားခဲ့သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts