Homeသတင်းကျိုက်ထိုတွင် လက်နက်ကြီးကျည်ကျကွဲမှုကြောင့် သီလရှင်တစ်ပါး ဒဏ်ရာရရှိ

ကျိုက်ထိုတွင် လက်နက်ကြီးကျည်ကျကွဲမှုကြောင့် သီလရှင်တစ်ပါး ဒဏ်ရာရရှိ

-

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာရှိ အေးဘုရားဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင့် သီလရှင်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မုပ္ပလင်ကျေးရွာဘက် ၆၀ မမများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မုပ္ပလင်စံပြကျေးရွာရှိ အေးဘုရားဝင်း ဘုန်းကြီးကျောင်းထဲ ကျရောပေါက်ကွဲပြီး သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း အဆောက်အဦးအချို့လည်း ထိခိုက်ပျက်ဆီးသွားခဲ့သည်။  

“လက်နက်ကြီးကျည်က ဘုန်းကြီးကျောင်းဝင်အတွင်း ကျကွဲသွားလို့ သီလရှင်တစ်ပါး ကျည်စမှန်သွားတယ်။ ဘုန်းကြီးကျောင်းဆောက်အဦးတွေလည်း ပျက်စီးသွားတာတွေရှိတယ်” ဟု မုပ္ပလင်ဒေသခံတစ်ဦးက ပြောသည်။

ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် သီလရှင်ဆရာလေးကို ညောင်ခါးရှည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းသည့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တို့မှ လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် လူထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts