Homeသတင်းကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းဖောက်ခွဲခံရ

ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းဖောက်ခွဲခံရ

-

မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတား  ဇူလိုင်လ ၆ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအလယ်တွင် ၆ ‌ပေခန့် အပေါက်ကြီးဖြစ်သွားပြီး ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မိုင်းပေါက်ကွဲမှုဖြစ်သွားတဲ့တံတားက ကျိုက်ထီးရိုးတောင်ခြေကနေ တက်လာရင် ဆယ်မိနစ် စခန်းအလွန် တောင်တက်လမ်းပြီးရင်း ကုန်းအဆင်းမှာရှိတဲ့တံတားပါ။ တံတားရဲ့ ဘယ်ဘက်ခြမ်းမှာဆိုရင် ရေတံခွန်ရှိပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ဘုရားပွဲတော်ကာလ မဟုတ်သည့်အတွက် တောင်တက်ယာဥ် အတက်အဆင်း သိပ်မရှိသော်လည်း ကျိုက်ထီးရိုးတောင်ပေါ်နှင့် အနီးနားတဝိုက် နေထိုင်သူများ တောင်ပေါ်၊ တောင်အောက် သွားလာရာတွင် ထိုတောင်တက်လမ်းကိုသာ အသုံးပြုနေကြရသည့်အတွက် သွားလာရေး အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အလားတူ ယမန်နေ့ညနေ ၅ နာရီခွဲ အချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သံတောင်ကျေးရွာအနီးရှိ သဲဖြူချောင်းတံတား ဒရုန်းဖြင့် တိုက်ခိုက်ခံရသော်လည်း တံတားပေါ်တည့်တည့်မကျသောကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့ပြီး တံတားတစ်ခြမ်း ပျက်စီးသွားခဲ့သည့်အပြင် ခရီးသွား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့သည့်တံတားသည် စစ်ရေးအရ စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts