Tuesday, March 10, 2026
More
    spot_img
    Homeသတင်းNLD ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အဦး ချိတ်ပိတ်ခံရ

    NLD ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အဦး ချိတ်ပိတ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အဦးကို စစ်ကောင်စီက ဇူလိုင်လ ၅ ရက်နေ့  ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

    သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက် သံဖြူဇရပ်မြို့နယ် ထွေ/အုပ်ရုံးရှေ့ရှိ ဒေါ်မြင့်မြင့်ခိုင်ဆိုသူပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအဆောက်အဦးကို သံဖြူဇရပ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းက ငှားရမ်းနေထိုင်ခဲ့သည့်အပြင် မြို့နယ် NLD ရုံးခန်းအဖြစ်လည်း အသုံးပြုခဲ့သည်။

    “ဒေါ်မြတ်သီတာထွန်း ဌားရမ်းနေထိုင်ခဲ့တဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ်ဆိုပြီး ချိတ်ပိတ်သွားတာ။ အဲနေရာက NLD မြို့နယ်ရုံးခန်းအနေနဲ့လည်း ဖွင့်ခဲ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်မြတ်သီတာထွန်းကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၂(က) ဖြင့် အမှုဖွင့်ခဲ့သည်။  

    ၂၀၂၀ ရွေးကောက်ပွဲတုန်းက သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် အနိုင်ရရှိထားသူ ဒေါ်မြတ်သီတာထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ‌ကျိုက်မရောမြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်သည် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဆိုကာ ၎င်းပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မွန်ပြည်နယ်အတွင်းရှိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၏ နေအိမ်၊ ဈေးဆိုင်၊ ဆိုင်ခန်းများကို စစ်ကောင်စီ ချိတ်ပိတ်မှုဆက်တိုက်ပြုလုပ်လာခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks