Homeသတင်းမွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ  

မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ  

-

မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး၊ လာမည့်ပွင့်လင်းရာသီမှာ ဇာတ်သဘင်ငှားရမ်းသူမရှိလျှင် ရပ်နားရမည့်အနေအထားဖြစ်နေသည်ဟု ဇာတ်သဘင်တည်ထောင်သူတို့က ပြောသည်။

ကိုဗစ်ကပ်ရောဂါစဖြစ်ချိန်ကစပြီး ရပ်နားထားရသည့် ဇာတ်သဘင်များ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နယ်မြေမတည်ငြိမ်မှု၊ လုံခြုံမှုမရှိသည့်အခြေအနေကြောင့် ဇာတ်ပွဲငှားသူနည်းပါးပြီး ပွဲမထွက်နိုင်ဘူးလို့ ဇာတ်သဘင်တည်ထောင်သူ ဦးဝင်းနိုင်က ဆိုသည်။

“လာမဲ့နှစ်လည်း ဒီလိုပဲဆိုရင် နားတော့မယ်။ ဆုံးရှုံးလည်း မတတ်နိုင်တော့ဘူး။ မန္တလေးဘက်က ဇာတ်ဆရာတွေဆို ပစ္စည်းတွေ အကုန်ရောင်းလိုက်ကုန်ပြီး။ ဒီအတိုင်းပဲသွားရင်တော့ ဦးတို့က နားဖို့ပဲများတယ်။ အခြားအလုပ်ပြောင်းလုပ်တော့မယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဇာတ်သဘင်များ အလှူပွဲလိုနေရာမျိုးမှာသာ ကပြဖျော်ဖြေနေရသည်ဟုလည်း ဇာတ်သဘင်တည်ထောင်သူတို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က မွန်ဇာတ်သဘင်များ ငှားရမ်းသူရှိခဲ့သော်လည်း မြန်မာဇာတ်သဘင်များ ငှားရမ်သူမရှိသလောက် နည်းပါးခဲ့သည်ဟု မော်လမြိုင်မြို့နယ် သဘင်အစည်းရုံးဥက္ကဌ ဦးဆန်းလင်းက ဆိုသည်။

“ကလို့ရတဲ့နေရာတွေက ကရင်ပြည်နယ်ဘက်၊ မြဝတီရယ်ပဲ အားပြုနေရတယ်။ မွန်ဇာတ်တွေကျတော့ အလှူပွဲတို့လို ဇာတ်တစ်ဖွဲ့လုံးမသွားရပေမဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို ခေါ်ပြီးဆိုရင် ဘယ်လိုဖြစ်ဖြစ် သိန်း ၂၀/၃၀ လောက်တော့ရတယ်လေ။ ဗမာဇာတ်တွေကျတော့ အများဆုံး ၇/၆ သိန်းလောက်ပဲရတာ သိပ်ပြီးလည်း မသွားရဘူး” ဟု ၎င်းက ပြောသည်။

ဇာတ်သဘင်များသည် ညလုံးပေါက် ကပြဖျော်ဖြေရသော်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကြောင့် ပွဲငှားသူတို့၏ တာဝန်ယူမှု တာဝန်ခံမှု အပေါ်မူတည်ပြီး ည ၁၂ နာရီအထိသာ ကပြဖျော်ဖြေနေရသည်ဟု ဇာတ်တည်ထောင်သူတို့ထံမှ သိရသည်။

လာမည့် ပွင့်လင်းရာသီတွင်လည်း ဇာတ်သဘင် ငှားရမ်းသူရှိ မရှိဆိုတာကလည်း နိုင်ငံရေးအခြေအပေါ် အများကြီးမူတည်နေကြောင်း ဇာတ်တည်ထောင်သူတို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သဘင်အစည်းအရုံးက ဇာတ်သဘင် တစ်ဖွဲ့လျှင် ကျပ်သိန်း ၇၀ ထုတ်ချေးပေးခဲ့သည့် ချေးငွေကိုတော့ ဇာတ်သဘင်များ ကြုံတွေ့နေရသည့် အခက်အခဲကြောင့် အတိုးငွေကိုသာ ဆပ်စေခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် မွန်ဇာတ်သဘင်များအပါအဝင် ဇာတ်သဘင် ၄၀ နီးပါးရှိပြီး ဇာတ်သဘင်များ ငှားရမ်းသူမရှိသည့်အတွက် ဇာတ်သဘင်လုပ်သားများ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြသူများရှိသလို တချို့ကလည်း ကြုံရာကျပန်းအလုပ် ဝင်လုပ်ကာ စားဝတ်နေရေးဖြေရှင်းနေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts