Homeသတင်းဘီးလင်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စုံစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဘီးလင်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စုံစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ အဖွဲ့စုံစစ်ဆေးရေးဂိတ် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရွှေသံလွင်တိုးဂိတ်ဟောင်း အနောက်မြောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ရွှေသံလွင်တိုးဂိတ်မြောက်ဘက် ကိုင် ၅၀ ခန့်အကွာတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နောက်တစ်လုံးက ရွှေသံလွင်တိုးဂိတ်ဝင်းအတွင်းမှာရှိတဲ့ ခြင်းကွင်းထဲကိုကျသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဆိုသည်။

ဇွန်လ ၂၉ ရက် နံနက်ပိုင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဖောက်ခွဲခံခဲ့ရသည့် ကျုံအိတ်တံတားအား လာရောက်စစ်ဆေးသည့် ဌာနဆိုင်ရာဝန်ထမ်းများအဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရသေးသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်၊ ထွေ/အုပ်ဝန်ထမ်း၊ မီးသတ်ဝန်ထမ်း၊ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်း စုစုပေါင်း ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) မှ ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခန့်က မိုင်းဖောက်ခွဲခဲ့သည်။

ဖောက်ခွဲခံရမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး မော်တော်ယာဥ်နှစ်စီးလည်း ချောင်းအတွင်း ပြုတ်ကျကာ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts