မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ကြားလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လှုပ်ရှားလာပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်ပွားနေသည့်အတွက် ဒေသတွင်း တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံတို့ စိုးရိမ်နေကြသည်။
သံဖြူဇရပ်နှင့် ရေးမြို့နယ်အကြား ကားလမ်းတလျှောက်တွင် ဇွန်လလယ်ပိုင်းခန့်ကစပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။
ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် ၃၊ တောင်ပိုင်းတိုင်း PDF က သတင်းထုတ်ပြန်ထားချက်အရ ရေး-ထားဝယ်ကားလမ်းတလျှောက်တွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့သည်။
KNLA နှင့် PDF ပူးပေါင်းတပ်တို့ ရေးမြို့နယ်အတွင်း ဝင်ရောက်လှုပ်ရှားလာပြီးနောက် တိုက်ပွဲများပြင်းထန်လာမည်ကို ဒေသခံပြည်သူလူထုများအကြား စိုးရိမ်နေကြသည်ဟု ရေးမြို့ ဒေသခံတစ်ဦးက ပြောသည်။
“ဟိုဖက်က တပ်လှုပ်ရှားမှုတွေလည်း များလာတယ်လေ။ PDF နဲ့ KNU က ရေးဖက်ကို အဲဒီလိုပေါ့နော် ရေးဖက်ကို ထိုးဖောက်ဝင်လာတဲ့အခါ တိုက်ပွဲတွေတော့ ဖြစ်လာတာပေါ့။ ဒီဖက်က တပ်အနေအထားနဲ့လည်း ကျနော်ထင်တယ် သူတို့လည်း အဲလောက်အထိ မထိန်းချုပ်နိုင်ဘူး။ တိုက်ပွဲတွေက ဖြစ်တယ်ဆိုပေလည်းပဲ ကျန်တဲ့ဒေသလိုတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အရင်တုန်းက ဒီနေရာမှာ အေးအေးချမ်းချမ်း နေတဲ့အခါကြတော့ လူထုကတော့ ဘယ်လိုပြောမလဲ ကြောက်နေတာပေါ့လေ။ အဲဒီသဘောမျိုးတော့ ရှိတာပေါ့” ဟု ပြောသည်။
သံဖြူဇရပ်-ရေး-ထားဝယ်ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်နှင့် KNLA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများကြော နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည့်အပြင် ခရီးသွား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
KNLA၊ PDF ပူးပေါင်းတပ်များ လှုပ်ရှားနေသည့် သံဖြူဇရပ်-ရေး-ထားဝယ်ကာလမ်းတလျှောက် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့လာပါက တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက ပြောသည်။
“တိုက်ပွဲတွေကတော့ ပုံမှန်လေးတော့ ဖြစ်နေတာ ဒါပေမဲ့ စစ်ကောင်စီဖက်က အင်အားမရှိလို့ မတက်လာတာလား။ ကျန်တဲ့ဒေသတွေမှာ မထိန်းချုပ်နိုင်တော့တာ တိုက်ပွဲတွေကတော့ တဖြည်းဖြည်းနဲ့ ပုံမှန်လေးဖြစ်နေတာ၊ စစ်ကောင်စီဖက်ကနေပြီးတော့မှ ပိုမိုပြီးတော့မှ အင်အားတိုးချဲ့လာလိမ့်မယ်ဆိုရင်တော့ တိုက်ပွဲကြီးတွေတော့ အချိန်မရွေးဖြစ်လာနိုင်တဲ့ အနေအထားရှိတာပေါ့” ဟု ပြောသည်။
လက်ရှိအချိန်ထိ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားနေသည့် ရေး-ထားဝယ်လမ်းတလျှောက်တွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းမရှိသေးသည့်အပေါ် စဉ်းစားစရာဖြစ်နေကြောင်း အခြားရေးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
“တပ်ကလည်း သူ့ကစားကွက်နဲ့ သူတော့ရှိမှာပေါ့။ ဘာမှန်းလည်း ကျနော်တို့တော့ မသိဘူး။ တကယ်တမ်းကြတော့ ဒီလိုအခြေအနေမျိုး လမ်းမပေါ်မှာ နယ်မြေထိန်းချုပ်တဲ့ ပုံစံမျိုး ဟိုဖက်(KNLA၊ PDF)က လုပ်လာတဲ့ဟာကို တကယ်လို့ သူ့(စစ်ကောင်စီ)မှာ အင်အားရှိရင် သူ့မှာ လုပ်ချင်ကိုင်ချင်စိတ်ရှိရင် ထိုးစစ်ဆင်လာမှာပေါ့။ သူ့တို့မှာ အင်အားပဲ မရှိတာလားပေါ့” ဟု ဆိုသည်။
လက်ရှိ KNLA ၊ PDF ပူးပေါင်းတပ်လို့ လှုပ်ရှားနေသည့် သံဖြူဇရပ်-ရေး-ထားဝယ်ကားလမ်းတလျှောက်တွင် မွန်ပြည်သစ်ပါတီ (NMSP) လှုပ်ရှားသွားလာနေသည့် နယ်မြေလည်းဖြစ်သည်။