Homeသတင်းလမိုင်းမြို့ လဝကရုံး အမျိုးသမီးဝန်ထမ်း တစ်ဦး ပစ်သတ်ခံရ

လမိုင်းမြို့ လဝကရုံး အမျိုးသမီးဝန်ထမ်း တစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နာရီစင်အရှေ့တွင် ယနေ့ နံနက် (၁၀) အချိန်ခန့်က အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မကြွယ်၊ အသက် (၅၀)နှစ်ဆိုသည့် အမျိုးသမီးသည် လမိုင်းမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး လမိုင်းမြို့ လူဝင်မှုကြီးကြပ်ရေး (လဝက) မှတ်ပုံတင်ရုံး၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

“သေနတ်ပစ်တဲ့ အသံကြားလို့ ကျွန်တော်တို့ သွားကြည့်လိုက်တာပဲရှိတယ်၊ ဟိုရောက်တော့ အခြားလူတွေ မရှိဘူး၊ အဲဒီမှာ မကြွယ်က လဲနေတာ (တွေ့လိုက်တော့) ကျွန်တော်တို့ အရေးပေါ်ကား ခေါ်လိုက်တယ်၊ ချက်ချင်း ဆေးရုံတင်ပေးလိုက်တယ်။ ဆေးရုံရောက်တော့ (အသက်) မရှိတော့ဘူး” ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လမိုင်းမြို့ လဝက ဝန်ထမ်း မကြွယ်သည် ဝမ်းဗိုက်နှင့် ရင်ညွန့်နေရာတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့မှ “နောက်တစ်ကြောင်းကတော့ လမိုင်းမြို့ မှတ်ပုံတင်အဓိက ဆောင်ရွတ်ပေးနေတဲ့ စကစ ချစ်တော်ကြီးလဲ လေပေါ်ဝဲပေးလိုက်ပါပြီ လမိုင်းဘုရားဖူးရင်း လမ်းကြုံပါဆယ်ဆွဲးလိုက်တာ” ဟု ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များ စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts