Monday, March 9, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်ကားလမ်းတွင် တရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ အရပ်သား ၁ ဦး သေဆုံး

    ရေး-သံဖြူဇရပ်ကားလမ်းတွင် တရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်၊ အရပ်သား ၁ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် မေလ ၃၀ ရက်နေ့ တရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၁ ဦးလည်း ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။

    ယမန်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၄ စီးနှင့် ရိက္ခာကား ၅ စီးသည် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဖြတ်သန်းမောင်းနှင်လာစဉ် ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် တစ်ကြိမ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် တစ်ကြိမ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    ၎င်းပြင် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လည်း စစ်ကောင်စီ ကားတန်းအား လမ်ကင်းယူပေးနေသော လမ်းကင်းအဖွဲ့ ရွာသာအေးကျေးရွာတွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

    ထိုသို့ ပစ်ခတ်ခံရချိန် စစ်ကောင်စီတပ်ဘက်က ပြန်လည် ပစ်ခတ်ခဲ့သည့်အတွက် လမ်းသွားနေသည့် ရေးမြို့နယ် အောင်သပြေကျေးရွာမှ အသက် ၅၁ နှစ်အရွယ် စောမောင်စံသွင်ဆိုသူ လက်နက်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

    ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း အဆိုပါ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    “မနေ့က တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ လူလည်း ထိတယ်လို့တော့ကြားတယ်။ သေချာတော့ မသိဘူး။ ဒီလမ်း သွားလာရတာတော့ ခပ်လန့်လန့်ပဲ။ တိုက်ပွဲနဲ့ ကြုံမလား။ သူတို့နဲ့ပဲ ကြုံမလား။ အခန့်မသင့်ရင် ကိုယ်ပါ ပစ်ခံထိတယ်လေ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဥ်တန်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်။

    ၎င်းပြင် အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်လည်း ဆက်တိုက်ရှိလာခဲ့ပြီး လူထိခိုက်တာ၊ သေဆုံးတာတွေလည်း ရှိခဲ့သည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားကောင်းသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks