မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်ဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
မေလ ၆ ရက်နေ့ ည ၉ နာရီခန့်က အလုံတောင်ခြေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ အလူးကျေးရွာထဲ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးနေမျိုးကျော်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်စန်းရီဆိုသူတို့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင်နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။
“ရွာထဲ လက်နက်ကြီးကျည်ကျလို့ နှစ်ယောက်ထိသွားတယ်။ အိမ်တွေလည်း ထိခိုက်ပျက်ဆီးသွားတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် လင်မယား ၂ ဦးကို ဘီးလင်းမြို့နယ်ဆေးရုံမှတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်တို့မှ အလူးကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်။
ထိုသို့ စစ်ကောင်စီတပ်တို့မှ အလူးကျေးရွာထဲ လက်နက်ကြီးများဖြင့် ညတိုင်းနီးပါး ပစ်ခတ်မှုရှိနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
