Homeသတင်းKNU တပ်မဟာ ၄ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေ၊ ၅ ဦး ပျောက်ဆုံးနေ

KNU တပ်မဟာ ၄ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေ၊ ၅ ဦး ပျောက်ဆုံးနေ

-

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး၊ ၅ ဦး အဆက်အသွယ်မရဖြစ်နေသည်ဟု MSDF က မေ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

MSDF နှင့် တနင်္သာရီဒေသတပ် တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေးတွင် အတူတကွပူးပေါင်းလုပ်ဆောင်ရန် ဧပြီလ ၂၉ ရက်နေ့က KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီးစောဘွဲ့မှူးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထိုတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ပြန်လာစဉ် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) အနီးတွင် KNU တပ်မဟာ (၄) တပ်ဖွဲ့များက MSDF ကို ချောင်းမြောင်းပစ်ခတ်ခဲ့သည်။

KNU တပ်မဟာ (၄) တပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် MSDF တပ်ခွဲမှူးနှင့် တပ်သား ၁ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်နောက် ချောင်းမြောင်းပစ်ခတ်ခံရသည့် နိုင်တမော့ချမ်းနှင့်အဖွဲ့ ပြန်ဆုတ်လာချိန် နေ့လည် ၁၂ နာရီခန့်တွင် ပြည်ကြီးမဏ္ဍိုင်ရွာအနီး (ခန့်မှန်း မိုင်တိုင် – ၂၆) တွင် KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယအကြိမ် ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုပစ်ခတ်မှုအတွင်း MSDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ယာဥ်မောင်း ၁ ဦး ထပ်မံကျဆုံးခဲ့သည်။

၎င်းပြင် MSDF ထံမှ AK – 16 တစ်လက်၊ 357 စုံလည် တစ်လက်၊ M -16 တစ်လက်နှင့် လက်ပစ်ဗုံးများ ဆုံးရှုံးခဲ့သည့်အပြင် ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာအနီးတွင် နိုင်တမော့ချမ်းတို့အား လက်နက် လာရောက်ပို့ဆောင်သော နိုင်မွန်သိမ်းတပ်ဖွဲ့မှ M – 16  ၂ လက်၊ HK – 16 ၂ လက်နှင့် Shot Gun ခေါက်ချိုး ၂ လက်ကိုလည်း KNU တပ်မဟာ (၄) ဘက်က လမ်းတွင် တားဆီးပြီး သိမ်းယူခဲ့သည်ဟု ဆိုထားသည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်အတွင်း တာဝန်ခံ နိုင်တမော့ချမ်းနှင့် တပ်ဖွဲ့ဝင် ၃ ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် မိခင်တပ်ရင်းထံ ပြန်လည် ရောက်ရှိလာသော်လည်း ကျန် တပ်ဖွဲ့ဝင် ၅ ဦးသည် လက်နက်များနှင့်အတူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အသက်ဘေးမှ လွတ်မြောက်ခြင်း ရှိ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း MSDF က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဗဟိုတာဝန်ရှိသူများအနေဖြင့် KNU တပ်မဟာ (၄) က ကျူးလွန်သည့် လုပ်ရပ်များကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် မွန်ပြည်ကာကွယ်ရေးတပ်က ထုတ်ပြန်တောင်းဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts