Homeသတင်းကရင်အချင်းချင်းတိုက်ခိုက်နေမှု အမြန်ဆုံးအဆုံးသတ်ပေးရန် IKO တောင်းဆို

ကရင်အချင်းချင်းတိုက်ခိုက်နေမှု အမြန်ဆုံးအဆုံးသတ်ပေးရန် IKO တောင်းဆို

-

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် KTLA တို့ အချင်းချင်း ရန်မူတိုက်ခိုက်နေမှုများကို ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုကာ အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (International Karen Organization – IKO) က တောင်းဆိုလိုက်သည်။

ပြည်ပရောက် ကရင်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က ဖေဖော်ဝါရီလ ၂၂ ရက်တွင် စာထုတ်ပြီး ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေချိန်တွင် ကရင် အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေကြခြင်းက မဖြစ်သင့်ဟု IKO က ထုတ်ပြန်ထားသည်။

စစ်အစိုးရသည် ကရင်လူမျိုးအပါအဝင် ပြည်သူတရပ်လုံးအပေါ် မတရားဖိနှိပ်အုပ်ချုပ် ကျွန်ပြုခဲ့သည်မှာ ဆယ်စုနှစ် ပေါင်းများစွာ ရှိနေခဲ့ပြီး ပြည်သူတရပ်လုံး၏ စစ်အုပ်စုအမြစ်ပြတ်ဖြုတ်ချရေးအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်းသည် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်၍ လက်မလွှတ်သင့်ဟု IKO က ထုတ်ပြန်ထားသည်။

စစ်အုပ်စုသည် ဘေးကြပ်နံကြပ်ဖြစ်နေ၍ အယုက်မာဆုံးသော လုပ်ရပ်များဖြစ်သော ပြည်သူလူထုများအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း အိုးအိမ်နှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့်ယုက်မာနည်းများကို ကျင့်သုံးနေသည်။

ထိုကြောင့် ကရင်အချင်းချင်းတိုက်ခိုက်မည့်အစား သေနတ်ပြောင်းဝကို စစ်အုပ်စုဘက်သို့ လှည့်ကြည့်ရန် IKO တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ PDF များ ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ကနေ ထွက်ခွာကြဖို့ ကေအန်ယူ တပ်မဟာ ၄ က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ကလည်း PDF များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းကနေ ထွက်ကြဖို့ တန်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောင် နှစ်ဖက် စစ်ရေးတင်းမာလာခဲ့သည်။

ကော်သူးလေတပ်မတော်နှင့် KNU တပ်မဟာ ၄ တို့အကြား စစ်ရေးတင်းမာလာပြီးနောက် ဖေဖော်ဝါရီလအတွင်း  နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲဘော် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကော်သူးလေ တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြားက တင်းမာမှုကို အမြန်ဆုံးဆွေးနွေးအဖြေရှာရန် တနင်္သာရီတိုင်းရှိ ကရင်ပြည်သူလူထုတို့ကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုထားသည်။

ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းကိုလည်း လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းရှိ ကရင်လူထုတို့က သဘောထား ထုတ်ပြန်ထားသည်။

ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ကရင်ပြည်သူများ၏ တောင်းဆိုချက်များကို ထောက်ခံထုတ်ပြန်ထားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts