Homeသတင်းကရင်ပြည်နယ်တွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ်တွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ကျော် ဖမ်းဆီးရမိ

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မြဝတီမြို့တို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တစ်ရက်အတွင်း ကျပ်သိန်းပေါင်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်မူးယစ်ဆေးပြား ၂၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ဘားအံမြို့နယ်၊ ဘားအံ-အိန္ဒုသွားကားလမ်း၊ အိန္ဒုတိုးဂိတ်အနီးတွင် မော်တော်ယာဥ်များ စစ်ဆေးရှာဖွေစဥ် ဟိန်းမင်းဦး မောင်းနှင်ပြီး မချစ်စနိုး လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆန်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၁၀၀၀၀ ပြား၊ ကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း ၃၀၀ နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ယင်းနေ့တွင်ပင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပြည်သာယာ (၄) လမ်းတွင် လမ်းလျှောက်လာသူ ထွန်းအောင်နှင့် ဒေါ်သောင်းမြင့်တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၁၆၆၀ ပြား ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၄၉ သိန်းကျော် တွေ့ရှိသိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မြဝတီတို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ တစ်ရက်တည်း ကျပ်သိန်းပေါင်း ၆၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဟိန်းမင်းဦး၊ မချစ်စနိုးနှင့် ထွန်းအောင်၊ ဒေါ်သောင်းမြင့်ဆိုသူ ၄ ဦးတို့ကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts