Homeသတင်းပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် Facebook Cele ဖမ်းဆီးခံရ

ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် Facebook Cele ဖမ်းဆီးခံရ

-

ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာက Facebook Cele ကိုအောင်ချမ်းအေး နေအိမ်သို့ပြန်လာစဥ် ဖမ်းဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်ဆိုပြီး စစ်ကောင်စီက ကိုအောင်ချမ်းအေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခဲ့သည်။

ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ကိုအောင်ချမ်းအေးသည် ထိုင်းနိုင်ငံဘက်တွင် သွားရောက်အလုပ်လုပ်ကိုင်နေခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းက အလုပ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

မြန်မာနိုင်ငံပြန်ရောက်ချိန် ၎င်းဇာတိဖြစ်သည့် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ နေအိမ်သို့ ပြန်လာစဥ် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူအလုပ်ကိစ္စနဲ့ ပြန်လာတာပါ၊ ရန်ကုန်မှာ ခဏတည်းနေသေးတယ်၊ မနေ့ကမှ သူ့ဧည်သည်နှစ်ယောက်နဲ့ ရွာကို ပြန်လာတာ၊ အိမ်ရောက်ပြီး သိပ်မကြာဘူး၊ သူငယ်ချင်းနှစ်ယောက်အတွက် ဧည့်စာရင်းသွားတိုင်တာ၊ ပြီးတော့ သိပ်မကြာဘူး၊ ရဲနဲ့ ရပ်ကျေးအဖွဲ့တွေက စစ်ဆေးစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။

ကိုအောင်ချမ်းအေးနှင့်အတူပါလာသည့် ဧည်သည့်နှစ်ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိဘူးလို့လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် Facebook Cele ကိုအောင်ချမ်းအေးကို ကျိုက်ထိုမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူအများအပြားရှိနေပြီး လက်ရှိ ဖမ်းဆီးခံထားရသူရှိသည့်အပြင် ထွက်ပြေးတိမ်းရှောင်နေရသူလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts