Homeသတင်းစတားလင့်စက်များ ဖြတ်တောက်မည်ဟု သတင်းထွက်ပြီးနောက် ဘုရားသုံးဆူတွင် Atom,Mytel လိုင်းများပြန်လည်ရရှိလာ

စတားလင့်စက်များ ဖြတ်တောက်မည်ဟု သတင်းထွက်ပြီးနောက် ဘုရားသုံးဆူတွင် Atom,Mytel လိုင်းများပြန်လည်ရရှိလာ

-

ထိုင်း-မြန်မာနယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံအတွင်းအသုံးပြုနေသည့် စတားလင့်စက်များပိတ်သိမ်းမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဘုရားသုံးဆူမြို့ပေါ်တွင်  Atom နှင့် Mytel လိုင်းများ ပြန်လည်ရရှိလာနေကြောင်း ဘုရားသုံးဆူမြို့ခံများမှ သိရသည်။

စတားလင့် စက်များကို ယနေ့သြဂုတ် ၁၇ ရက်နေ့မှစ၍ အင်တာနက်ဖမ်းယူသည့် စက်များ မှတ်ပုံတင်ထားသည့် မူလနိုင်ငံကို ပြန်ပြီး အသုံးပြုရမည်ဟု ကုမ္ပဏီဘက်မှ သတိပေးထားသည်။

သို့သော် ဘုရားသုံးဆူမြို့ပေါ်တွင် Starlink စက်များကို အားထားရန်မလိုဘဲ သြဂုတ် လဆန်းရက်မှစ၍ အင်တာနက်လိုင်း 4 G အထိ ရရှိနေသဖြင့် ဆက်သွယ်ရေး လွယ်ကူမြန်ဆန်လာကြောင်း မြို့ခံများကပြောသည်။

"တယ်လီနောနဲ့ လိုင်းသုံးလို့မရနေတာ နှစ်နဲ့ချီရှိနေပြီး။ ဒါပေမဲ့ ဖုန်းဆက်လို့တော့နည်းနည်းရတယ်။ မြို့ပေါ်မှာတော့ အများစု စတာ့လင့်ကိုပဲအားကိုးရတာ၊ အခုဆိုရင် အင်တာနက်တွေ ပြန်ရပြီးဆိုတော့ အလုပ်လုပ်တာပိုလွယ်လာတာပေါ့။"ဟု မြို့ပေါ်ရှိ ကုန်သည်တစ်ဦးက ပြောသည်။

ထို့ကြောင့် ဖုန်းဆိုင်များတွင် Atom ဆင်းကဒ်များကို မြို့ခံများက ဝယ်ယူမှုများပြားပြီး အင်တာနက် လိုင်းအားမြှင့်စက်များကို ကျားဖြန့်လုပ်ငန်းမှ ကိုယ်စားလှယ်များဟု ယူဆရသူများ လာရောက်ဝယ်ယူခြင်း များပြားကြောင်းလည်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် ကျားဖြန့်နှိမ်နင်းရေး ပိတ်ဆို့မှုများကြောင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကာလအတွင်း Starlink အင်တာနက် ရရှိရေးကို မြို့ပေါ်အုပ်ချုပ်ရေးတာဝန်ယူထားသည့် DKBA ခေါင်းဆောင် စောအေဝမ်းက စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ယခု မြန်မာ့ဆက်သွယ်ရေးအော်ပရေတာမှ ဖုန်းလိုင်းများ ပြန်လည်ရရှိလာခြင်းသည်လည်း စောအေဝမ်း ပါဝင်ပတ်သက်မှု မကင်းနိုင်သည့်အပြင် ကျားဖြန့်လုပ်ငန်းကို အထောက်အကူဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်းလည်း  မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

မြို့ခံတစ်ဦးက "ဒါကတော့ ရှင်းပါတယ်။ စတားလင့်စက်တွေ သိမ်းတော့မယ်ဆိုတော့ တရုတ်တွေကို အဆင်ပြေစေချင်လို့ ဖုန်းလိုင်းတွေ ပြန်ပေးလာတယ်ပေါ့။ အခုဆို တရုတ်တွေတောင် Atom တို့ Mytel တို့ ပြန်သုံးနေကြတာ လတစ်ဝက်လောက်ရှိပြီး။"ဟု ပြောသည်။

မြို့ပေါ်ရပ်ကွက်အများစုတွင် အင်တာနက်လိုင်းများ ပြန်ကောင်းလာသော်လည်း အနိမ့်ပိုင်းရပ်ကွက်များ၌ Starlink အင်တာနက်ကိုသာ ဆက်လက်အသုံးပြုနေရသည်။ ယခုကဲ့သို့ မြန်မာဖုန်းလိုင်းများ ပြန်လည်ရရှိလာခြင်းသည် ရေရှည် ပုံမှန်အတိုင်း ဖြစ်မည်လားဆိုသည်ကို ဒေသခံများက စောင့်ကြည့်နေကြသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိမ်နင်းသည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခုကို ဖေဖော်ဝါရီလ အတွင်းက လျှပ်စစ်မီး၊ လောင်စာဆီတို့ကို ဖြတ်တောက်ခဲ့သည်။

ဘုရားသုံးဆူ နယ်စပ်ဒေသခံများ မြန်မာဆင်းကဒ် ATOM ကို ပြောင်းလဲအသုံးပြုလာရာမှ မတ်လ ၂၀ ရက်နေ့မှစ၍ ထပ်မံဖြတ်တောက်ခံရသဖြင့် ဘုရားသုံးဆူဒေသတွင် ဖုန်းလိုင်းလုံးဝပြတ်တောက်နေသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts