Homeသတင်းမုဒုံက နယ်လုံဝန်ကြီးဟောင်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

မုဒုံက နယ်လုံဝန်ကြီးဟောင်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်အစိုးရဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် မုဒုံမြို့ အမှတ် (၃) ရပ်ကွက် ဦးစံဖေလမ်းရှိ ၎င်းနေအိမ်ရှေ့တွင် ဇန်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က တိုက်ခိုက်ခံရခြင်းဖြစ်သည်။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး အိမ်ပြန်အလာကိုစောင့်၍ အိမ်ခြံဝအနီးတွင် အဝေးထိန်း (Remote Control) မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားသည်။

မိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိပဲ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး စီးလာသည့်ကား ထိခိုက်ပျက်ဆီးမှုရှိသည်ဟု မြိုခံတစ်ဦးက ပြောသည်။

“ဦးဝင်းနိုင်ဦး အိမ်ရှေ့မိုင်းပေါက်ကွဲမှုမှာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်။ ဒါပေမယ့် သူစီးလာတဲ့ကားတော့ အနည်းငယ် ထိသွားတယ်လို့တော့ သိရတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီ အကြီးစား ထောက်တိုင်တစ်ဦး ဖြစ်သည့်အတွက် ယခုလို တိုက်ခိုက်ခဲ့သည်ဟုလည်း မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားသည်။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦး တိုက်ခိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူအချို့ ဖမ်းဆီးခံရမှုရှိနေသည်ဟု မြို့ခံတို့က ပြောဆိုသော်လည်း အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအနေဖြင့် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ခဲ့ပြိုင် ရှုံးနိမ့်ထားသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းလည်းဖြစ် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သည့် ဦးမင်းအောင်မြင့်နေအိမ်မိတ္တူဆိုင် မိုင်းဖြင့် ဖေါက်ခွဲခံရသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မုဒုံမြို့က ကြံ့ခိုင်ရေးပါတီဝင်တွေ တိုက်ခိုက်ခံနေရသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှု မကြာခနဖြစ်ပွားနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts