Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သထုံခရိုင်က ဇန်နဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံ ခလရ-၂ တပ်ရင်းမှ ဇန်နဝါရီ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဝင်းကလောကျေးရွာအုပ်စု လှည်းလမ်းကူးကျေးရွာထဲကို လက်နက်ကြီး ၆၀ မမ (၂) လုံး ပစ်ခတ်ခဲ့သည်ဟု  ထုတ်ပြန်ပါရှိသည်။

စစ်ကောင်စီတပ် လက်နက်ကြီးကျည်သည် ဦးကျော်မြင့် နေအိမ်နှင့် မမိဖြူနေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၆၃ နှစ်ရှိ ဦးကျော်မြင့်သည် ဘယ်လက်မောင်း၊ ဂျိုင်းတို့တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ အသက် ၁၆ နှစ်ရှိ မမိဖြူ၏ သမီး မဖြူနှင်းသူလည်း ဘယ်ဖက်ပေါင်တွင် ကျည်စထိမှန်ဒဏ်ရာရရှိသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က တပ်မ-၄၄ လက်အောက်ခံ သိမ်ဇရပ်အခြေစိုက် ခမရ -၂၀၇ တပ်ရင်းနှင့် အမှတ်-၃၁၀ အမြှောက်တပ်ရင်းတို့မှ လက်နက်ကြီး ၁၂၀ /၆၀ မမ၊  ၈ လုံးခန့်ဖြင့် ကျေးရွာတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ သရက်ခြံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၆ နှစ်ရှိ ဇော်မိုးလွင် ကျည်ထိမှန်သေဆုံးသွားကာ အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်တို့က ပြည်သူတွေ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ (တပ်မ-၄၄) လက်အောက်ခံ (ခမရ-၂၀၇)၊ (ခလရ-၂) နှင့် (အမတ-၃၁၀) တပ်ရင်းတို့မှ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်း၊ ဝင်းကံ၊ ပျဥ်းကတိုးကုန်း၊ ကျောက်ဖျာနှင့် ဝင်းကလောကျေးအုပ်စုထဲ လက်နက်ကြီးဖြင့် မကြာခန ပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကျိုက်ထိုဒေသခံ ၃၀၀၀ ခန့်တို့က ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts