Homeသတင်းရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ရွှေဝယ်သူမှန်လုံကား ဓါးပြတိုက်ခံရ 

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ရွှေဝယ်သူမှန်လုံကား ဓါးပြတိုက်ခံရ 

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းပိုင်း ကနင်ကမော့ကျေးရွာအနီးတွင် ရွှေဝယ်သူ ခရီးသည်တင်မှန်လုံကား ဓါးပြတိုက်ခံရကြောင်း သိရသည်။ 

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ဆင်းလာသည့် ရွှေဝယ်သူ ခရီးသည်တင်မှန်လုံကားသည် ရေး-ထားဝယ်ကားလမ်းပိုင်း ကနင်ကမော့ကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစ်သည်။

သံဃာတစ်ပါးအပါအဝင် ခရီးသည် ၃၂ ဦးလိုက်ပါလာသည့် ရွှေဝယ်သူမှန်လုံကားကို လူတစ်စုက သေနတ်ပစ်ဖောက်တားဆီးပြီး ကားပေါ်ပါသူအားလုံး ဆင်းခိုင်းကာ လက်ဝတ်လက်စား၊ ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းများ ယူလိုက်သည်ဟု စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။

“မနက် (၄) နာရီခွဲလောက်၊ မလွှဲတောင်မတက်ခင်နေရာမှာ ဓါးပြအဖွဲ့က သေနတ်ဖောက်ပြီး ကားကိုရပ်ခိုင်းတယ်။ ပြီးတော့ ကားသမားရော ခရီးသည်တွေကိုပါ ကားပေါ်ကဆင်းခိုင်းပြီးတော့ လက်ဝတ်လက်စားတွေနဲ့ ပိုက်ဆံအိတ်တွေ ယူတယ်။ နောက် လက်ကိုင်ဖုန်းတွေပါယူသွားတယ်” ဟု ၎င်းက ဆိုသည်။

ကားကို ဓါးပြတိုက်သွားသည့်လူအုပ်စုသည် ၆ ယောက်ခန့်ပါပြီး လက်လုပ်သေနတ်တွေ ကိုင်ဆောင်းထားကြသည်ဟုလည်း ခရီးသည်တို့၏ ပြောပြချက်အရ သိရသည်။

“အနည်းဆုံး ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်။ မှောင်နေသေးတော့ တိတိကျကျမသိရဘူး။

အရပ်ဝတ်အင်္ကျီတွေဝတ်ထားကြတယ်။ တောစီးဖိနပ်တွေ စီးထားကြတယ်။ လက်လုပ်သေနတ်တွေကိုင်ထားတာ သတိထားမိတယ်” ဟု အထက်ပါ ခရီးသည်က ဆက်ပြောသည်။

ဓါးပြအဖွဲ့က လက်ကိုင်ဖုန်းများပါ သိမ်းယူသွားသည့်အတွက် ထားဝယ်မြို့ရောက်ခါနီးမှသာ ကားနှင့်  အဆက်အသွယ်ရခဲ့သည်ဟု ရွှေဝယ်သူယာဉ်လိုင်းက ပြောသည်။

ရွှေဝယ်သူကား ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်တွင် တန်ဖိုးငွေကျပ် သိန်း ၂၀၀ ခန့် ပါရှိသွားသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်လုံခြုံရေးရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts