မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ရှမ်းစုရပ်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၃ လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ကမာဝက်မြို့ ရှမ်းစုရပ်ရှိ ဒေါ်လှသိန်းဆိုသူ နေအိမ် ဖယောင်းတိုင်မီးထွန်းထားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် သစ်သားအိမ် ၁၃ လုံး မီးလောင်ပြာကျသွားပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။
“မီးစလောင်တာက ည ၁ နာရီအချိန်လောက်မှာ ဖြစ်တယ်၊ ဖယောင်းတိုင်မီးထွန်းထားရာကနေလောင်တယ်လို့ သိရတယ်၊ အိမ် ၁၃ လုံးကတော့ အကုန်လောင်သွားတယ်၊ ဘာမှမကျန်ဘူး၊အိမ်အများစုကတော့ သစ်သားအိမ်တွေ ဖြစ်တယ်" ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။
မီးကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကမာဝက်နယ်မြေ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့၊ ပရဟိတအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူတို့၏ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ ကမ်းနားပိုင်းတွင် ဖယောင်းတိုင်မီးမှတဆင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားခဲ့သည်လည်း ရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် နေအိမ် ၈ လုံး မီးလောင်ပျက်စီးသည့်အပြင် လူ ၄ ဦးလည်း သေဆုံးသွားခဲ့ရသည်။