Homeသတင်းလက်ကျန်နည်းပြီး ဝယ်လိုအားများသောကြောင့် မွန်စျေးကွက်တွင် မတ်ပဲစျေးတက်

လက်ကျန်နည်းပြီး ဝယ်လိုအားများသောကြောင့် မွန်စျေးကွက်တွင် မတ်ပဲစျေးတက်

-

မွန်ပြည်နယ်ဈေးကွက်အတွင်း မတ်ပဲ လက်ကျန်နည်းပြီး ဝယ်လိုအား မြင့်တက်လာသောကြောင့် မတ်ပဲဈေးနှုန်း မြင့်တက်လာသည်ဟု ပဲ၊ နှမ်းလုပ်ငန်းရှင်များထံမှ သိရသည်။

ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၂၂၀၀၀ ကျော် မြင့်တက်လာကြောင်း မော်လမြိုင်မှ ပဲ၊ နှမ်းလုပ်ငန်းရှင်အမျိုးသားတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲ ဝယ်လိုအား မြင့်တက်လာသောကြောင့် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ဝယ်လိုအားက များနေတယ်။ အိန္ဒိယဘက်ကလည်း ဝယ်လိုအား လိုက်နေတာပေါ့။ ဒါပေမယ့် ပြည်တွင်းမှာကလည်း လက်ကျန်နည်းနေတာပေါ့။ အဲဒါကြောင့် ဈေးတက်လာတာပါ” အထက်ပါ မော်လမြိုင်မှ ပဲ၊ နှမ်းလုပ်ငန်းရှင်အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လများကထက် ဒီဇင်ဘာလတွင် မတ်ပဲဈေးနှုန်း ပိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ပထမအပတ်တွင် မတ်ပဲ တစ်တင်း ၅၀၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာတတိယအပတ်ခန့်တွင် တစ်တင်း ၆၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ပြည်နယ် ပဲ၊ နှမ်းလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက "မွန်မှာက မတ်ပဲက မရှိသလောက် ဖြစ်နေပြီ။ တောင်သူတွေ လက်ထဲလည်း မကျန်တော့ဘူး။ လှောင်ထားတဲ့သူတွေဆီမှာပဲ ရှိတော့မှာ အဲတော့ ဈေးက တက်ပြီးရင်တက်လာတာပေါ့
ဟု ပြောသည်။

မတ်ပဲ အသစ် စိုက်ပျိုးရမည့် ရာသီဖြစ်သောကြောင့် ကုန်သည်များ လက်ထဲတွင်သာ မတ်ပဲ လက်ကျန်ရှိနိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

မွန်ပြည်နယ်ထွက် မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေပြီး နီပေါ၊ ပါကစ္စတန်နိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts