Homeသတင်းမော်လမြိုင်တွင် ဆိုင်ကယ် Taxi သမားနှင့် ခရီးသည်အမျိုးသမီးကို ဓားဖြင့် လည်ပင်းလှီးပြီး ဆိုင်ကယ်လုမှုဖြစ်ပွား

မော်လမြိုင်တွင် ဆိုင်ကယ် Taxi သမားနှင့် ခရီးသည်အမျိုးသမီးကို ဓားဖြင့် လည်ပင်းလှီးပြီး ဆိုင်ကယ်လုမှုဖြစ်ပွား

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖိုရပ်၊ မြို့ပတ်လမ်းတွင် ဆိုင်ကယ် taxi သမားတစ်ဦးနှင့် ခရီးသည် အမျိုးသမီးတစ်ဦး ဓားဖြင့် လည်ပင်းလှီးခံ ရကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့် မြို့ပတ်လမ်းပေါ် တွင် ဆိုင်ကယ် Taxi မောင်းနှင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လဲကျနေကြောင်း  အကြောင်းကြားလာရာမှ  သိရှိခဲ့ရသည်ဟု မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်ရှိ ကျန်းမာချမ်းသာ Rescue အဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မြင့် က ပြောသည်။

“ကျွန်တော်တို့အနေနဲ့က လူနာတွေကို အနီရောင်အဆင့်သတ်မှတ်ပြီး တော့ ဆေးရုံကိုအချိန်မီပို့ဆောင်ပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ဆေးကုသနေဆဲလို့ သိထားပါတယ်” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ် taxi သမားတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက် နှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိထားကြောင်း ဆက်ပြောသည်။

အလားတူ ခရီးသည်အမျိုးသမီးတွင်လည်း လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက် နှင့် နားရွက်ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

ဒေသခံ အမျိုးသားတစ်ဦးက “သူတို့ကို စတွေ့ထဲက လည်ပင်းမှာ ဒဏ်ရာတွေရထားတယ်ပေါ့။ ပြီးတော့ ဆိုင်ကယ်လုတဲ့သူကလည်း ဆိုင်ကယ် taxi သမားရဲ့ သူငယ်ချင်းလို့ သိရတာပဲ” ဟု ပြောသည်။

အဆိုပါ လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက် ညနေပိုင်းတွင် မော်လမြိုင်မြို့ သာယာအေးရပ်ကွက် ဘဲကုန်းရပ်နေ ဆိုင်ကယ် Taxi မောင်းနှင်သူ အမျိုးသားတစ်ဦး ကော့ခနိကျေးရွာအနီးရှိ လယ်ကွင်းဘေးရေမြောင်းအတွင်း အသတ်ခံရပြီး မော်တော်ဆိုင်ကယ် လုယက်ခံခဲ့ရကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်တွင် လူသတ်ပြီး ဆိုင်ကယ်လုယက်သည့်ဖြစ်စဥ် ဆက်တိုက်ဖြစ်ပွားလာနေပြီး အများစုကတော့ ဆိုင်ကယ် Taxi သမားတွေဖြစ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts