မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာသောကြောင့် မသန်စွမ်းသူများ စားဝတ်နေရေး ပိုပြီး ခက်ခဲလာကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများ အရေးကူညီနေသူတို့က ပြောသည်။
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ဝန်ထမ်းလျှော့ချခြင်း၊ အလုပ်ရပ်နားခြင်းများ ပြုလုပ်လာကြသည်ဟုလည်း မသန်စွမ်းသူများအရေး ကူညီသူတို့က ပြောသည်။
“အလုပ်အကိုင်အခွင့်အလမ်းက မရှိတော့ဘူး။ ဘာလို့ဆို ဝန်ထမ်းလျော့ရမယ်ဆိုရင်လည်း သူတို့ကိုပဲ လျှော့ချလိုက်တာ။ အလုပ်ထုတ်လိုက်တာပဲ။ ဒီ အာဏာသိမ်းပြီးနောက် အလုပ်လက်မဲ့ဖြစ်တာ ပိုများလာတာပေါ့” ဟု မသန်စွမ်းသူများအရေး ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်နေသော်လည်း ထိရောက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းပြင် အလုပ်ရပ်နားခံလိုက်ရသော မသန်စွမ်းသူများသည် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ဆက်ပြောသည်။
စစ်ကောင်စီမှ အရင်းမပျောက် ချေးငွေများ ချပေးသော်လည်း မသန်စွမ်းများအတွက် ရေရှည် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း မော်လမြိုင်မြိုနယ် မသန်စွမ်းသူများအရေး ကူညီနေသူတစ်ဦးက ပြောသည်။
“ချေးငွေက သူတို့ပေးတယ်သာပြောတာ ကျွန်တော်တို့ဆီ ရောက်ဖို့က ကြာဦးမှာ၊ ရောက်ရင်လည်း တစ်ဦးတစ်ယောက်ဆီ လုံလုံလောက်လောက် ရဖို့တော့ မရှိဘူးလေ” ဟု ၎င်းက ပြောသည်။
ထိုကြောင့် စစ်ကောင်စီအနေဖြင့် ချေးငွေထက် ပိုမိုထိရောက်သည့် အလုပ်အကိုင် အခွင့်အလမ်းများကိုသာ ရှာဖွေပေးစေလိုကြောင်း ဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းအရေအတွက် ပိုတိုးလာသော်လည်း စာရင်းအတိအကျ မရှိသောကြောင့် အချက်အလက်မပြနိုင်သေးကြောင်း သုံးသပ်ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်သည်ဟု သိရသည်။





