Homeသတင်းအောက်တိုဘာလအတွင်း ကျိုက်ထိုမြို့နယ်ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့

အောက်တိုဘာလအတွင်း ကျိုက်ထိုမြို့နယ်ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့

-

Photo : သတ်ဖြတ်ခံရသည့် ရွာသားတဦး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူ ၃ ဦးကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က အောက်တိုဘာ ၁၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အထက် အင်္ဂဘိုရွာသား အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်စိန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

၎င်းပြင် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပိန္နဲကုန်းကျေးရွာတွင် ဈေးသွားရောင်းရင်း စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးခံခဲ့ရသည့် အထက်အင်္ဂဘိုကျေးရွာသား အသက် ၃၀ အရွယ် ကိုဇော်ထက်လည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

အောက်တိုဘာ ၂၁ ရက်နေ့ကလည်း အသက် ၆၆ နှစ်အရွယ် ရွှေခဲရိုးရွာသား ဦးမှုံကြီးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီတပ်တို့သည် KNU ကျိုက်ထိုမြို့နယ် ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် လမ်းကြောင်းတလျှောက် ရွာသားများအား ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီလက်အောက်ခံတပ်ရင်းများမှ တပ်အင်အား ၃၀၀ ခန့်တို့က ကျိုက်ထီးရိုး ဝိဇ္ဇာတောင်ဘက်က စစ်ကြောင်းတစ်ကြောင်း အထက်အင်္ဂဘို စစ်စီးကုန်းဘက်က စစ်ကြောင်းတစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျိုက်ထိုမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု KNU သထုံခရိုင်ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် လူနေအိမ်များကို  မီးရှို့ဖျက်ဆီးသွားသည့်အပြင် ဒေသခံတို့၏ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခြင်း ပေါ်တာဆွဲခြင်း ရွာသားများအား မတရားဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟုလည်း KNU က ထုတ်ပြန် ပြောဆိုထားသည်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်နောက်ပိုင်း ဒေသခံပြည်သူ ၈၀၀၀ ကျော်တို့က ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီနေသည့် ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts