
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် နိုဝင်ဘာ (၁၀) ရက်နေ့နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးကာ လူ ၄ ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါ မီးသည် ဒေါ်သန်းသန်းခိုင်ဆိုသူနေအိမ်မှ နိုဝင်ဘာ (၁၀) ရက်နေ့ နံနက် (၄) နာရီဝန်းကျင်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး နံနက် (၅) နာရီဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟုလည်း
မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်နေအိမ်အပါအဝင် နေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားပြီး ဒေါ်သန်းသန်းခိုင်နေအိမ်ရှိ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် (၄) ဦး သေဆုံးသွားသည်။
သေဆုံးသူ (၄) ဦးမှာ ဒေါ်သန်းသန်းခိုင်၊ မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် (၆) တန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ဖြစ်သည်ဟုလည်း သိရသည်။
“မီးက ဒေါ်သန်းသန်းခိုင်အိမ်ကနေ စလောင်တာ အနီးအနားကအိမ်တွေပါ ကူးစက်သွားတာ မီးထိန်းနိုင်တဲ့အချိန်မှာ အိမ် ၈ လုံးက လောင်သွားပြီ၊ မီးစလောင်တဲ့ အိမ်က လူ (၄) ဦးလည်း သေဆုံးသွားတယ်၊ မီးက စိတ်ကျန်းမာရေးမကောင်းတဲ့ မောင်လင်းထွန်း ဖယောင်းတိုင်ထွန်းရာကနေ မီးကူးစက်လောင်သွားတယ်လို့ ယူဆနေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇင်းကျိုက် နေအိမ်မီးလောင်ကျွမ်းမှုကို ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့၊ သထုံမြို့နယ် မီးသတ်တပ်ဖွဲ့တို့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒေသခံတို့က ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြသည်။
လက်ရှိတွင် နေအိမ်မီးလောင်ကျွမ်းသွားသည့်အိမ်ထောင်စုများကို ဇင်းကျိုက်ညောင်ကျောင်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ထားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇင်းကျိုက်တွင် ယခုတစ်ကြိမ်ပါဆို ယခုနှစ်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့ကလည်း တစ်ရက်တည်းတွင် နှစ်တစ်ရာကျော်သက်တမ်းရှိသည့် သံဖြူဇရပ်မြို့နယ် ဝဲဘို့ဘုန်းကြီးကျောင်းနှင့် သထုံမြို့နယ် သုဝဏ္ဏဘူမိမြို့က နှစ်တစ်ရာကျောင်ဘုန်းကြီးကျောင်းတို့ မီးလောင်းကျွမ်းသွားခဲ့သည်။




